YBS-58 ယာဉ်လိုင်းထက် ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်က အနုကြမ်းစီးတာ၊ ဓားပြတိုက်တာ မဟုတ်သလို YBS တွေမှာ CCTV အပြည့်တပ်ထားလို့ စိုးရိမ်စရာမလိုကြောင်း ဒီနေ့ထုတ်ပြန်တဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
YBS ခရီးသည်တင်ယာဉ်တွေမှာ CCTV အပြည့်တပ်ဆင်ထားလို့ ဖြစ်စဉ်အားလုံးကို CCTV တွင် ပြတ်ပြတ်သားသားမြင်တွေ့ရတဲ့အတွက် ခရီးသည်တွေ စိုးရိမ်သောကဖြစ်ဖို့ မလိုကြောင်း၊ အခုဖြစ်စဉ်ဟာလည်း ဓါးပြတိုက်တာ၊ အနုကြမ်းစီးတာ မဟုတ်ရပါကြောင်း ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်ကို စစ်ဆေးခဲ့ရာမှာ YBS-58 ယာဉ်၊ ယာဉ်အမှတ် 9P-8757 ဟာ သီတာဆိပ်မှတ်တိုင်မှာ မတ်လ ၁၂ ရက်၊ ညနေ ၃ နာရီ ၃၃ မိနစ်အချိန်က ခရီးသည်တွေဆင်းဖို့အတွက် ရပ်နားပေးစဉ်အခိုက် ယာဉ်နောက်ပိုင်းက ဂျင်းဘောင်းဘီဝတ် အမျိုးသားတစ်ယောက်ဟာ ယာဉ်အရှေ့ပိုင်း သံဃာထိုင်ခုံနားမှာ ရပ်နေတဲ့ ဘောင်းဘီဝတ် ဦးထုပ်ဆောင်းထားသူတစ်ဦးဆီ အော်ဟစ်ပြေးကပ်လာပြီး “မင်းဖုန်းဘယ်နှလုံးပါသလဲ၊ အခုထုတ်ပေး”လို့ အော်ဟစ်ပြောကြားခဲ့ပြီး “ပြေးဆင်းဖို့ မကြိုးစားနဲ့၊ လုပ်ပစ်လိုက်မယ်”လို့ ခြိမ်းခြောက်ခဲ့ကြောင်း၊ အကြိမ်ကြိမ်ခြိမ်းခြောက်ခဲ့တဲ့အတွက် လူငယ်က ဖုန်းကို စလွယ်သိုင်း လွယ်အိတ်ထဲကနေ ထုတ်ပေးလိုက်တာဖြစ်တယ်လို့ စိစစ်တွေ့ရှိရကြောင်း၊ ခရီးသည်အများစုကလည်း မင်သက်ငေးကြည့်နေကြသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယာဉ်လိုင်းပေါ်မှာ ဖြစ်ပွားခဲ့တဲ့ အမျိုးသား ၂ ဦးရဲ့ အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး YUPT Public Co.,Ltd က ဘယ်လိုအကြောင်းတွေကြောင့် အခုလို ဖြစ်ပွားတယ်ဆိုတာကိုတော့ ရှင်းလင်းထားခြင်း မရှိသေးဘူးလို့ သိရပါတယ်။