Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

“Speed Racer” မင်းသား ခရစ်ရှန်အိုလစ်ဗာနဲ့ သမီးငယ်(၂)ဦး ကာရစ်ဘီယံမှာ လေယာဉ်ပျက်ကျပြီး ကွယ်လွန်

နယူးယော့ခ်၊ ဇန်နဝါရီ ၆

အသက် ၅၁ နှစ်ရှိပြီဖြစ်တဲ့ ‘Speed Racer’ မင်းသား ခရစ်ရှန်အိုလစ်ဗာနဲ့ သမီး ၂ ဦးဟာ ဇန်နဝါရီ ၆ ရက်‌နေ့က ကာရစ်ဘီယံအရှေ့ပိုင်း၊စိန့်ဗင်းဆင့်နဲ့ ဂရီနာဒင်းစ်ကမ်းလွန်မှာ လေယာဉ်ပျက်ကျပြီး ကွယ်လွန်သွားခဲ့ပါတယ်။

ကာရစ်ဘီယံအရှေ့ပိုင်းမှာရှိတဲ့ ကိုယ်ပိုင်ကျွန်းငယ်နားမှာ ပျက်ကျခဲ့တဲ့ လေယာဉ်အတွင်း အမေရိကန်သရုပ်ဆောင် Christian Oliver နဲ့ သူ့ရဲ့ သမီး ၂ ဦး ပါဝင်သွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုပြောဆိုခဲ့တာဖြစ်ပါတယ်။

မင်းသားနဲ့ အတူ ကွယ်လွန်သွားတဲ့ သမီးငယ် ၂ ဦးဟာ မာဒီတာကလက်ဆာ (၁၀) နှစ် နဲ့ အန်နစ်ခ်ကလက်ဆာ (၁၂) နှစ်တို့ဖြစ်ပြီး လေယာဉ်မှူးလည်း အသက်မရှင်ခဲ့ဘူးလို့ဆိုပါတယ်။

ခရစ်ရှန်အိုလစ်ဗာကို ဂျာမနီမှာမွေးဖွားခဲ့ပြီး Cobra 11 ရုပ်မြင်သံကြားဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တာကြောင့် လူသိများလာခဲ့ပါတယ်။၂၀၀၈ ခုနှစ်က “Speed Racer” ရုပ်ရှင်နဲ့ “The Good German” ရုပ်ရှင်တို့မှာ ပါဝင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကိုတော့ အာဏာပိုင်တွေက တရားဝင်ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။