အခု ရုံတင်ပြသနေတဲ့ DUNKI ရုပ်ရှင်ကားရဲ့အဖွင့်နေ့ ရုံတင်ဝင်ငွေရရှိမှုဟာ Pathaan နဲ့ Jawan တို့ထက် လျော့နည်းခဲ့တယ်လို့ သိရှိရပါတယ်။
DUNKI ဟာ ၂၀၂၃ ခုနှစ်အတွင်း ရှာရွတ်ခန်းရဲ့တတိယမြောက်ရုပ်ရှင်ကားဖြစ်ပြီး ခရစ္စမတ်ကာလမှာ အောင်မြင်မှုတွေရရှိမယ့်ဇာတ်ကားလို့ ရုပ်ရှင်ဝေဖန်ရေးဆရာတွေရဲ့ကောင်းမွန်တဲ့မှတ်ချက်ကို ရရှိထားတဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။
ဒါပေမဲ့ ဝင်ငွေပိုင်းဆိုင်ရာအရ ရုံတင်ပြသတဲ့ အဖွင့်နေ့မှာ အခုမတိုင်ခင် ရုံတင်ခဲ့တဲ့ ရှာရွတ်ခန်းရဲ့ Pathaan နဲ့ Jawan တို့ထက် DUNKI ရရှိတဲ့ ရုံတင်ဝင်ငွေက နည်းပါးနေတာကို မြင်တွေ့ခဲ့ရပါတယ်။
ဒါပေမဲ့ ရိုက်ကူးရေးပိုင်းဆိုင်ရာ ကုန်ကျစရိတ်နဲ့ တွက်ချက်ကြည့်လိုက်မယ်ဆိုရင် DUNKI က Pathaan နဲ့ Jawan တို့ထက် အများကြီး နည်းပါးတာကို မြင်တွေ့ရပါတယ်။
Jawan ဟာ ရိုက်ကူးရေးဘတ်ဂျက် ၂၂၅ Crore(တစ် Crore=အိန္ဒိယငွေ သိန်း ၁၀၀)၊ Pathaan ဟာ ရိုက်ကူးရေးဘတ်ဂျက် ၃၀၀ Crore အကုန်အကျခံခဲ့တဲ့ဇာတ်ကားတွေဖြစ်ပြီး DUNKI အတွက် ရိုက်ကူးရေးဘတ်ဂျက် ကုန်ကျငွေဟာ ၁၂၀ Crore ပဲ ရှိတယ်လို့ သိရှိရပါတယ်။
နောက်တစ်ကြိမ် ပြန်လည်ကြည့်ရှုဖို့အတွက် လက်မှတ်ဝယ်ယူတာတွေရှိနေတာကြောင့် နောက်ပိုင်းနေ့တွေမှာ DUNKI ရဲ့ဝင်ငွေက မြင့်မားလာဖို့ ရှိနေတယ်လို့ ရုပ်ရှင်ဝေဖန်ရေးဆရာတွေက အကောင်းရှုမြင်ထားပါတယ်။