Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရန်ကုန်တွင်အိမ်ခြံမြေငှားရမ်းခများမြင့်တက်လာ၊အထပ်နိမ့်အိမ်ပိုငှားပြီး ငှားရမ်းခ (၂၀)ရာခိုင်နှုန်းတက်

———————————————————-

၂၀၂၅ခုနှစ်၊ဧပြီလ၊(၁၈)ရက်

အခုရက်ပိုင်းတွေမှာ ရန်ကုန်မြို့မှာ နေအိမ်ငှားရမ်းခတွေ၊အဆောင်ငှားရမ်းခတွေ တက်လာတယ်လို့ အိမ်ခြံမြေအကျိုးတော်ဆောင်ထံမှသိရပါတယ်။

စစ်ဘေးရှောင်သူတွေ၊ငလျင်ဘေးရှောင်သူတွေများလာတဲ့အတွက် ရန်ကုန်မှာ နေအိမ်နဲ့ အဆောင်(မိသားစု၊လင်မယားအဆောင်)ငှားရမ်းသူတွေများလာတယ်လို့ ဆိုပါတယ်။

တိုက်ခန်းငှားရမ်းတဲ့သူတွေထက် ဒဂုံမြို့သစ်၊ရွှေပေါက်ကံမြို့သစ်လိုနေရာမျိုးတွေမှာ လုံးချင်းနေအိမ်လေးတွေငှားရမ်းသူတွေများလာပြီး ငှားရမ်းခတွေကတော့ (၂၀)ရာခိုင်နှုန်းလောက်အထိတက်လာတယ်လို့ သိရပါတယ်။

‘’ရန်ကုန်မှာက မြို့သစ်လိုနေရာမျိုးတွေမှာ လုံးချင်းအိမ်၊တစ်ထပ်အိမ်၊နှစ်ထပ်အိမ်လေးတွေ ငှားတဲ့သူတွေများနေတယ်။အိမ်မငှားနိုင်သူတွေက အဆောင်ငှားနေကြပြီး အဆောင်ခတွေ လည်းတက်လာတယ်။ဥပမာ တစ်လကို(၂)သိန်းပဲပေးပြီးငှားနေရသူတွေက တစ်လကို (၂)သိန်း(၃)သောင်းကျော်လောက် ဖြစ်သွားတယ်။ ခြုံပြောရရင် အိမ်ငှားခတွေက (၂၀)ရာခိုင်နှုန်းလောက်တော့ တက်တယ်”လို့ မြန်မာနိုင်ငံအိမ်ခြံမြေအကျိုးတော်ဆောင် အသင်းဝင်၊အကျိုးတော်ဆောင်တစ်ဦးက Mercury Newsကိုပြောပြ ထားပါတယ်။

မြို့နယ်အချို့ကတိုက်ခန်းငှားနေတဲ့သူတွေကိုလည်း ငှားရမ်းခတွေ (၅)သောင်းမှသိန်းကျော် အထိတိုးတောင်းလို့အခက်တွေ့နေကြသူတွေများနေတယ်လို့ ဆိုပါတယ်။

‘’ကျောက်မြောင်းထဲမှာ တိုက်ခန်းငှားခက စပေါ်ငွေ ကျပ်သိန်း(၁၅၀)ပေးရပြီး တစ်လကို တိုက်ခန်းငှားခ (၁)သိန်း(၈)သောင်းလောက်ပေးရမယ်။ ပထမငှားထားတဲ့အခန်းက တိုးတောင်းလို့မပေးနိုင်တော့လို့ အခုတိုက်ခန်းသစ်ကို ပြောင်းရတာ”လို့ တာမွေမြို့နယ် မှာနေထိုင်သူတစ်ဦးကလည်းရင်ဖွင့်ထားပါတယ်။

ငလျင်လှုပ်ပြီး အခုနောက်ပိုင်းမှာတော့ အထပ်မြင့်တိုက်တွေမှာ နေထိုင်ရဲတဲ့သူတွေနည်းပါး လာလို့ အထပ်မြင့်တိုက်ခန်းတွေမှာ ငှားရမ်းသူတွေလည်းနည်းပါးသွားနိုင်တယ်လို့ အကျိုးတော်ဆောင်ရဲ့ သုံးသပ်ချက်အရသိရပါတယ်။

အထပ်မြင့်တိုက်တွေကို စိုးရိမ်နေကြသော်လည်းအခု ငလျင်လှုပ်ခတ်ပြီးနောက်ကယ်ဆယ် ရေးတွေဆောင်ရွက်ပြီးတဲ့အချိန်မှာ မြေညီတိုက်ခန်းတွေ မှာနေထိုင်တဲ့သူတွေက အသ-က်ဆုံးရှုံးရတာများတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ပြောပြချက်အရသိရပါတယ်။

ဓါတ်ပုံ-TTHL

#mercury#mercurynews#myanmar#အိမ်ခြံမြေ#ပြည်တွင်းသတင်း