၂၀၂၅၊ဧပြီလ၊၉ရက်
ငလျင်ဒဏ်ကိုခံစားခဲ့ရတဲ့ မြန်မာပြည်သူတွေ အတွက် ဩစတေးလျနိုင်ငံက ပေးအပ်တဲ့ လူသားချင်းစာနာမှုအကူအညီပစ္စည်းထုပ် ၁၀၀ ကျော်ဟာ မြန်မာနိုင်ငံကို ရောက်ရှိလာပြီလို့ မြန်မာနိုင်ငံဆိုင်ရာ ဩစတေးလျသံရုံးက ထုတ်ပြန်ပါတယ်။
အဆိုပါ အကူအညီပစ္စည်းတွေကို သြစတြေးလျသံရုံးအကြီးအကဲဖြစ်သူ Ms Angela Corcoranက လက်ခံရယူခဲ့ပြီး အရေးပေါ်အကူအညီလိုအပ်နေသူထောင်ပေါင်းများစွာဆီ တိုက်ရိုက်ပေးပို့နိုင်ဖို့အတွက် World Food Programmeကို လွဲအပ်ခဲ့တယ်လို့ သိရပါတယ်။
အကူအညီပစ္စည်းတွေမှာ အမိုးအကာ၊ မီးဖိုချောင်သုံးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးပစ္စည်းများပါဝင်ပြီး ငလျင်ဒဏ်သင့် မြန်မာပြည်သူတွေအတွက် ပေးအပ်မယ့် သြစတြေးလျရဲ့ လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ ၉ သန်းထဲက တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။