Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရန်ကုန်တွင် ဖျားနာနှင့်ဗိုက်အောင့်၊ဝမ်းလျှောလူနာအနည်းငယ်များလာ

—————————————————————————————————

၂၀၂၄ခုနှစ်၊ဒီဇင်ဘာလ၊(၁၉)ရက်

ရန်ကုန်မြို့မှာ အခုရက်ပိုင်းအတွင်း ဖျားနာသူနဲ့ ဗိုက်အောင့်၊ဝမ်းလျှောလူနာတွေအနည်းငယ်များလာတယ်လို့ ဆေးရုံဆေးပေးခန်းတွေနဲ့ ဒေသခံတွေထံမှသိရပါတယ်။

ရုံးတွေမှာ ဖျားနာ၊ဗိုက်အောင့်သူတွေ၊ဘုန်းကြီးကျောင်းတွေမှာ ဖျားနာဝမ်းလျှောသူတွေနဲ့ ရှိလာပြီး ဆေးခန်းပြသ နေရသူတွေလည်းရှိနေပါတယ်။

‘’ပထမဦးဆုံး အဖျားငွေ့ငွေ့စဖျားတယ်။ပြီးတော့ တအားဖျားလာပြီး ဗိုက်တအားအောင့်ပြီး ဝမ်းလျှောပါတယ်။ ဆရာဝန်ပြောတာက အစာအိမ်နာသွားတာ၊ထိသွားတာလို့ပြောပါတယ်”လို့ တာမွေမြို့နယ်နေထိုင်သူတစ်ဦးက ပြောပါတယ်။

‘’အခုရက်ပိုင်းမှာ ဖျားနာတဲ့သူ၊ဗိုက်အောင့်သူ၊ဝမ်းလျှောတဲ့သူတွေနည်းနည်းများလာတယ်။ အချို့ရုံးတွေမှာဆိုရင် ဖျားပြီးဝမ်းသွားနေတဲ့သူတွေရှိနေပါတယ်”လို့ ရန်ကုန်မြို့ဒေသခံတစ်ဦးကပြောပါတယ်။

ဗိုက်အောင့်တဲ့ဝေဒနာ လူတော်တော်များများမှာ ဖြစ်ပွားနေပြီး မင်္ဂလာဒုံမြို့နယ်မှာလည်း ဖြစ်ပွားမှုတွေတော့ရှိတယ်လို့ ဆိုပါတယ်။

‘’ဟိုတစ်လောတုန်းကတော့ ကျွန်တော်ကိုယ်တိုင်လည်းဖြစ်ပါတယ်။ အူရောင်တာတို့(အစာအိမ်နာတာ)တို့ဖြစ်ပါတယ်။ ချက်ပတ်လည်ကြီးကနာတာမျိုးပေါ့။ ဆရာဝန်သွားပြတော့အူရောင်တယ်ပေ့ါ။အဲလိုမျိုးကျွန်တော့်ဘက်မှာတော်တော် များများဖြစ်တယ်။ကလေးရောလူကြီးရောပေါ့။သုံးလေးရက်လောက်နေတော့ သက်သာသွားတယ်”လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောပြပါတယ်။

တရုတ်နိုင်ငံမှာ အစာအိမ်အူလမ်းကြောင်း Virusပိုး Norovirusကူးစက်မှုတွေများနေသလို မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်းကူးစက်မှုတွေရှိနေတဲ့အတွက် ရောဂါမကူးစက်အောင်အထူးသတိပြုနေထိုင်ကြဖို့လိုအပ်တယ်လို့ သိရပါတယ်။

Norovirusကူးစက်ခံရပါက ဝမ်းလျှော၊အန်၊ဝမ်းဗိုက်ရစ်နာကျင်၊ချမ်းတုန်ဖျား၊ကြွက်သားနာကျင်ကိုက်ခဲ၊ပင်ပန်းနွမ်းနယ် တာတွေခံစားရနိုင်ပြီး ကြိုတင်ကာကွယ်မှုအနေနဲ့ အစားအသောက်ကိုကျက်အောင်ချက်ပြုတ်စားခြင်း၊ လက်သန့်ရှင်းအောင်ဆေးကြေခြင်း၊လမ်းဘေးစာမစားခြင်းတွေနဲ့ ကာကွယ်နိုင်တယ်လို့ သိရပါတယ်။

#mercury#mercurynews#norovirius#ပြည်တွင်းသတင်း

May be an image of text