၂၀၂၄၊ဒီဇင်ဘာလ၊၁၁ရက်
ဒီနေ့ခေတ်လူငယ်တွေကြားတွေထဲမှာ ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိလာတာက အီးစီးကရက်လို့ ခေါ်တဲ့ တစ်နည်းအားဖြင့် Vapeလို့ ခေါ်တဲ့ ဆေးလိပ်အစားထိုးကုန်စည်တစ်ခုဖြစ်ပါတယ်။
ဒီအီးစီးကရက်တွေကို လူငယ်တွေက ဆေးလိပ်ဖြတ်ဖို့ရည်ရွှယ်ချက်နဲ့ စတင်သုံးစွဲခဲ့ကြပေမယ့် နောက်ပိုင်းအချိန် တစ်ခုရောက်လာတဲ့ အခါမှာတော့ အီးစီးကရက်ရဲ့ ဆေးလိပ်ထက်ပိုတဲ့ အငွေ့ထုတ်နိုင်စွမ်း၊ဆေးလိပ်ထက်နူးညံ့တဲ့ အရသာ စတာတွေကြောင့် သုံးစွဲမှုနှုန်းဟာ လျှင်လျှင်မြန်မြန်ဘဲ တိုးတက်လာခဲ့ပါတယ်။
လူငယ်တွေက ဆေးလိပ်ဖြတ်ချင်လို့ဆိုတဲ့ အကြောင်းပြချက်ကိုပေးပြီး သုံးစွဲကြပေမယ့် IHOရဲ့ ထုတ်ပြန်ချက်မှာဆို အဲ့လို ရည်ရွှယ်ချက်နဲ့ သုံးစွဲခဲ့ကြသူတွေဟာ ဆေးလိပ်မပြတ်တဲ့အပြင် အီးစီးကရက်ပါ ထပ်စွဲတဲ့သူက ၅၆ရာခိုင်နှုန်း အထိရှိတယ်လို့ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာလည်း လူငယ်တော်တော်များများက အီးစီးကရက် သုံးစွဲလာကြပြီး ပိုပြီးဆိုးဝါးတဲ့အချက်က ဆေးလိပ်မှာ သုံးစွဲသူတွေရဲ့ ၇၅ရာခိုင်နှုန်းလောက်က အမျိုးသားတွေ ဖြစ်ပေမဲ့ အီးစီးကရက်မှာတော့ သုံးစွဲသူတွေရဲ့ သုံးပုံတစ်ပုံက အမျိုးသမီးတွေဖြစ်နေတာပါ။လူငယ်တွေသတိမမှုမိတာက Vape လို့ ခေါ်ကြတဲ့ အီးစီးကရက်မှာလည်း နီကိုတင်းဓာတ်ပါပြီး ဆေးလိပ်နည်းတူဘဲ ကျန်းမာရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်စေတာကိုပါဘဲ။
အီးစီးကရက်က တကယ်ရော ဆေးလိပ်ပြတ်ရဲ့လား၊ဆေးလိပ်နဲ့ကွဲပြားတဲ့အချက်တွေက ဘာတွေဖြစ်မလဲ၊ကျန်းမာရေးအပေါ်ရော ဘယ်လောက်အထိအကျိုးသက်ရောက်မှုရှိနိုင်မလဲ။ဒီလို မေးခွန်းတွေနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဌဒေါက်တာသန်းစိန်က အခုလိုပြောပြထားပါတယ်။
“အီးစီးကရက်မှာ ဆေးလိပ်ထက်ပိုပြီးနီကိုတင်းရော၊ဓါတုဆေးဝါးတွေရော အများကြီးပါဝင်ပါတယ်။ဆေးလိပ်ဖြတ်ဖို့ဒါကိုသုံးကြတယ်ဆိုပေမယ့် တကယ်ပြတ်သွားတဲ့ရာခိုင်နှုန်းကအရမ်းနည်းပါတယ်။ဆေးလိပ်ကို မပြတ်စေပါဘူး။ဆေးလိပ်ထက်ပိုများတဲ့ နီကိုတင်းပမာဏကြောင့်၊အမျိုးလေးထောင်လောက်ရှိတဲ့ ဓါတုဆေးဝါးတွေကြောင့် ခံတွင်းကင်ဆာ၊အဆုတ်နဲ့ပတ်သတ်တဲ့ရောဂါ၊ငယ်ငယ်လေးနဲ့ အမောဖောက်တာတွေ၊နှလုံးရောဂါတွေကိုပါရနိုင်ပါတယ်။အီးစီးကရက်ဟာလည်း ဆေးလိပ်လို ဆိုးကျိုးအများကြီးရှိပါတယ်။”လို့ မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဌဒေါက်တာသန်းစိန်က ရှင်းပြခဲ့တာပါ။
အီးစီးကရက်မှာ အနံ့၊အရသာတွေအတွက် သုံးတဲ့ ဓါတုပစ္စည်းတွေဟာ လူတွေကို ထင်မှတ်မထားနိုင်တဲ့အထိ ဆိုးကျိုးတွေဖြစ်စေနိုင်ပြီး ချက်ချင်း ဆိုးကျိုးမပြရင်တောင်နောက်ထပ် ဆယ်နှစ်အတွင်း ထိရောက်မှု ကြီးကြီးမားမားဖြစ်လာနိုင်တယ်လို့ နိုင်ငံတကာကျန်းမာရေးစစ်တမ်း များကထောက်ပြထားကြပါတယ်။
ဒါ့အပြင် လူငယ်တွေအနေနဲ့ အီးစီးကရက်တွေကို တစ်ယောက်နဲ့ တစ်ယောက် ဆင့်ကဲပြောင်းလဲ သုံးစွဲနေကြတာဟာ တံတွေးမှတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကိုပါ ရရှိနိုင်ပါသေးတယ်။
ဒီလို ဆိုးကျိုးများတဲ့ အီးစီးကရက်တွေ၊Vape တွေကို နာမည်ကြီး သရုပ်ဆောင်တွေ၊Celebrity တွေက အစ သုံးစွဲပြနေတာက လူငယ်တွေအတွက်အရမ်းကို လမ်းမှားရောက်စေတဲ့ အချက်တစ်ခုလည်း ဖြစ်ပါတယ်။
လူငယ်တွေအနေနဲ့လည်း ဆင်ခြင်သုံးသပ်မှုတွေပြုလုပ်ပြီး ဘယ်လိုရည်ရွယ်ချက် နဲ့ အီးစီးကရက်ကို စတင်သုံးစွဲခဲ့သည်ဖြစ်ပါစေ အချိန်မှီရပ်တန့်ဖို့လိုပြီး စတင်သုံးစွဲဖို့ စဉ်းစားနေတဲ့ လူငယ်တွေအနေနဲ့လည်း အတွေးတွေကို မြောင်းထဲပစ်လိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။
ဆောင်းပါး-Henry Lynn(Mercury News)