၂၀၂၄၊ဒီဇင်ဘာလ၊၅ရက်
မြန်မာတို့ရဲ့ တန်ဖိုးရှိလှတဲ့ အမွေအနှစ်ပွဲတော်တစ်ခုဖြစ်တဲ့ နှစ်သစ်ကူးရိုးရာအတာသင်္ကြန်ပွဲတော်ဟာ ယူနက်စကို ရဲ့ ကမ္ဘာ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းကို ဝင်ရောက်ခဲ့ပြီဖြစ်ပြီး ဒါဟာ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးက ပြည်သူတွေရဲ့ အနှစ်နှစ် အလလ မက်ခဲ့ရတဲ့ အိမ်မက်တွေ အမှန်တကယ် ဖြစ်လာခဲ့တာဘဲဖြစ်ပါတယ်။
သင်္ကြန်ဆိုတဲ့ ဝေါဟာရဟာ သင်္ကန္တ ခေါ် ပါဠိဘာသာစကား ကနေ ဆင်းသက်လာတာဖြစ်ပြီး မြန်မာလိုဆိုရင် ကူးပြောင်းခြင်းလို့ အဓိပ္ပါယ်ရပါတယ်။မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို အေဒီ ၁၁-ရာစု မှ အေဒီ-၁၃ ရာစု(ပုဂံခေတ်) မှာ စတင်ကျင်းပခဲ့ကြပြီး တိုင်းပြည်အုပ်ချုပ်တဲ့ ဘုရင်မှစပြီး ပြည်သူတစ်ရပ်လုံးပါဝင်ဆင်နွဲကြတဲ့ ပွဲတော်အဖြစ် ထင်ရှားခဲ့ပါတယ်။
မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို မြန်မာလတွေထဲက ပထမဦးဆုံးလ ဖြစ်တဲ့ တန်ခူးလမှာ ပုံမှန်အားဖြင့် ကျင်းပလေ့ရှိကြပြီး သင်္ကြန်အကြိုနေ့၊ အကျနေ့၊ အကြတ်နေ့၊ အတက်နေ့နှင့် နှစ်ဆန်းတစ်ရက်နေ့ဆိုပြီး ကျင်းပကြပါတယ်။
နှစ်သစ်ကို ကူးပြောင်းကြတဲ့ မင်္ဂလာအချိန်မှာ မြန်မာလူမျိုးတွေဟာ အေးမြကြည်လင်ခြင်း၊ နှစ်ဟောင်းမှ အညစ်အကြေးများကို ဆေးကြောခြင်း၊ ပြည်သူအများ နှစ်သစ်ကူးရေစင်ကဲ့သို့ အေးမြကြည်လင်စေခြင်း၊ တိုင်းရင်းသားပြည်သူအားလုံး စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင်ရှိခြင်း ဆိုပြီးမွန်မြတ်လှတဲ့ရည်ရွယ်ချက်တွေနဲ့ ပျော်ရွှင်စွာရေပက်ကစားကြတာဖြစ်ပါတယ်။
ဒါ့အပြင် ရှေးယခင်ကာလတွေထဲက မင်္ဂလာအတာသင်္ကြန်အချိန်အခါသမယ မှာ စေတီပုထိုးတွေနဲ့ ဗုဒ္ဓရုပ်ပွားတော်များကို ရေသပ္ပါယ်ခြင်း၊ မိဘဆရာသမားများနဲ့ သက်ကြီးဝါကြီးများကို သပြေခက်နဲ့ သနပ်ခါး နံ့သာရည်များဆွတ်ကာ ပက်ဖျန်းပေးခြင်းနှင့် ခြေသည်းလက်သည်းများ လှီးဖြတ်ပေးခြင်း၊ ရိုးရာမုန့်များနဲ့ လူမျိုးဘာသာမရွေး စတုဒီသာ ကျွေးမွေးဧည့်ခံခြင်း၊ ဉပုသ်စောင့်ခြင်း၊ တရားရိပ်သာဝင်ခြင်း၊ အလှူဒါန ပြုခြင်း၊ တိရစ္ဆာန်များကို ဘေးမဲ့လွှတ်ခြင်း စတဲ့ ဘာသာရေးပွဲများကို ပူးတွဲဆောင်ရွက်လေ့ရှိခဲ့ကြပါတယ်။
ဒီကနေ့ခေတ်မှာတော့ နိုင်ငံတစ်ဝှမ်း ကျေးလက်မြို့ရွာမကျန် သင်္ကြန်ရေကစားမဏ္ဍပ်များ တည်ဆောက်ပြီး ရေပက်ခြင်း၊ သင်္ကြန် အဆိုအကများ၊ ယိမ်းအကများ၊ အလှပြယာဉ်များနဲ့ သီဆိုဖျော်ဖြေခြင်း၊ သံချပ်များထိုးခြင်း၊ ရေပက်ခံထွက်ခြင်း များ ပြုလုပ်လေ့ရှိကြပါတယ်။
မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်အပြီးမှာလည်း မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ မြို့၊ ရွာ၊ လမ်းများအတွင်း၌ သံဃာတော်များကိုပင့်ဖိတ်ပြီး အန္တရာယ်ကင်း ပရိတ်တရားနာခြင်းများကိုပါ လုပ်ဆောင်လေ့ရှိကြပါတယ်။
မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် ကျင်းပသောကာလမှာ ပုံမှန်အားဖြင့် ရာသီပန်းဖြစ်တဲ့ ပိတောက်ပန်းများ ပွင့်လန်းလေ့ရှိပြီး ပိတောက်ပန်းဟာ မြန်မာနှစ်သစ်ကူးပွဲတော်၏ ပြယုဂ်တစ်ခု ဖြစ်သလို နိုင်ငံတော်၏ အထိမ်းအမှတ်ပန်းအဖြစ်လည်း သတ်မှတ်ထားကြပါတယ်။
အခုလို မွန်မြတ်လှတဲ့ ရည်ရွှယ်ချက်တွေ၊ လေးနက်လှတဲ့ အဓိပ္ပါယ်တွေနဲ့ ပြည့်နှက်နေတဲ့ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ဟာ နောက်ဆုံးမှာတော့ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံခဲ့ရပြီဘဲဖြစ်ပါတယ်။မြန်မာပြည်သူတစ်ရပ်လုံးအနေနဲ့ မွန်မြတ်တဲ့ရည်ရွယ်ချက်တွေ ဖွင့်ဆိုမကုန်နိုင်တဲ့ မြန်မာ့ရိုးရာအတာသကြန်ပွဲတော်ကို တန်ဖိုးထားစောင့်ရှောက်ကြဖို့ တစ်ဦးတစ်ယောက်ချင်းစီမှာ တာဝန်ရှိပါတယ်။
မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်အခါသမယမှာ ပွဲတော်နဲ့ မလျော်ညီတဲ့သရုပ်ပျက်ဝတ်စားဆင်ယင်မှုတွေ၊အရက်သေစာ သောက်စားမှုးယစ်ယမ်းကားတာတွေ၊ကြမ်းတမ်းစွာ ရေကစားတာတွေကို ရှောင်ကြဉ်ကြရမှာဖြစ်ပြီး အထူးသဖြင့် ကမ္ဘာ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းမှာ ပါဝင်ပြီးတဲ့နောက်ပိုင်း ပိုမိုဆင်ခြင်ကြရမှာဖြစ်ပါတယ်။
ပြည်သူတစ်ဦးတစ်ယောက်ချင်းစီက ထိန်းသိမ်းကြရင်း မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ဟာ အခုမှ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံရဖို့ထိုက်တန်တာမဟုတ်ဘဲ ဟိုးယခင် ကာလတွေတည်းက ထိုက်တန်ခဲ့တဲ့ ပွဲတော်တစ်ခုဖြစ်ကြောင်းသက်သေပြသွားကြရမှာဖြစ်ပါတယ်။
ဆောင်းပါး- Mercury News
ကိုးကား-Myanmar Cultural Heritage Trust
#Mercury#mercurynews#ဆောင်းပါး#မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်#UNESCO