Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ကင်ညာလူမျိုးတွေ မြန်မာနိုင်ငံအလည် မသွားဖို့ ထိုင်းနိုင်ငံကင်ညာသံရုံး သတိပေး

၂၀၂၄၊အောက်တိုဘာလ၊၁၄ရက်

မြန်မာနိုင်ငံမှာ တရုတ်လူမျိုးတွေ လည်ပတ်လုပ်ကိုင်နေတဲ့ ငွေကြေးလိမ်လည်တဲ့ ကျားဖြန့်လုပ်ငန်းတွေမှာ ကျွန်သဖွယ် ခိုင်းခံရမယ့်အရေးကို စိုးရိမ်ရတဲ့အတွက် ကင်ညာနိုင်ငံသားတွေ မြန်မာနိုင်ငံကို မသွားဖို့ ထိုင်းနိုင်ငံမှာရှိတဲ့ ကင်ညာသံရုံးက သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။

ကင်ညာလူငယ်တွေဟာ ကျားဖြန့်ဂိုဏ်းတွေရဲ့ ကျွန်သဖွယ် နှိပ်စက်ညှဉ်းပန်းခံနေရတဲ့အတွက် သူတို့ကို ကူညီကယ်ထုတ်ဖို့ ပြောခဲ့ကြပြီးတဲ့နောက်ပိုင်း အခုလို သတိပေးချက် ထုတ်ပြန်ရတာလို့ သံရုံးရဲ့တွစ်တာမှာ ဖော်ပြထားပါတယ်။

ကျားဖြန့်ဂိုဏ်းတွေက ကင်ညာအလုပ်သမားတွေကို မြန်မာနိုင်ငံပို့ဆောင်ဖို့ ထိုင်းနိုင်ငံကို ကြားခံနိုင်ငံအနေနဲ့ အသုံးပြုနေကြသလို မက်လောက်တဲ့လစာပမာဏပေးပြီး လိမ်လည်ကာ ကင်ညာလူငယ်တွေကိုခေါ်နေကြတာလို့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

တရုတ်လူမျိုးတွေ ဦးစီးလုပ်ကိုင်တဲ့ ကျားဖြန့်ငွေကြေးလိမ်လည်ဂိုဏ်းတွေက လူငယ်တွေကို မြန်မာနိုင်ငံထဲ ခိုးသွင်းသွားပြီး တစ်နေ့ကို ၁၉ နာရီ အလုပ်အခိုင်းခံရရုံတင်မက နှိပ်စက်ကာ ခိုင်းတဲ့အတိုင်းမလုပ်ရင် ကျောက်ကပ်ထုတ်မယ်လို့ ခြိမ်းခြောက်နေကြတယ်လို့ ကင်ညာသံရုံးက ထုတ်ပြန်ချက်မှာ တပါတည်းသတိပေးထားပါတယ်။