မိုးသည်းထန်မည်
————————————————————————————-
၂၀၂၄ခုနှစ်၊စက်တင်ဘာလ၊(၁၁)ရက်
တိုင်ဖွန်းမုန်တိုင်းအကြွင်းအကျန်နဲ့ လေပွေလှိုင်းတွေဟာ အခုရက်ပိုင်းအတွင်း မန္တလေး၊မိတ္ထီလာ၊ ကလေး၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်တို့ပေါ်ရွေ့လျားဖြတ်သန်းသွားဖို့ရှိတယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်ရဲ့ ဖော်ပြချက်အရသိရပါတယ်။
ဒီနေ့ စက်တင်ဘာ၁၁ရက်နံနက်ပိုင်းမှာ လေပွေလှိုင်းက မန္တလေးနဲ့ မိတ္ထီလာကြားမှာ ရှိနေပြီး အနောက်ဘက်ကို ဆက်ရွေ့လျားထားမယ်လို့ ခန့်မှန်းထားပါတယ်။
စက်တင်ဘာ၁၁ရက် ညပိုင်းမှာတော့ အနောက်-အနောက်မြောက်ဘက်ကို ဆက်ရွေ့ပြီး ကလေးမြို့ ပေါ်ကို ရောက်လာနိုင်တယ်လို့ ခန့်မှန်းထားပြီး ကလေးမြို့ပေါ်ရောက်ပြီးရင် မြေမျက်နှာပြင်အနေအထားတွေကြောင့် လားရာပြောင်းပြီး အနောက်တောင်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ပါတယ်။
စက်တင်ဘာ ၁၂ ရက် မနက်ပိုင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်တို့ရဲ့ အပေါ်ကိုရောက်လာပြီး အနောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်တယ်လို့ဆိုပါတယ်။
စက်တင်ဘာ ၁၂ ရက် ညပိုင်းမှာ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း မြို့ပေါ်ရောက်ရှိမယ်လို့ ခန့်မှန်းထားပြီး မြောက်အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
စက်တင်ဘာ ၁၃ ရက် ညမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်တောင်ပိုင်း၊ အိန္ဒိယနယ်စပ်အနီးကို ဆက် လက်ရွေ့လျားပြီး ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်မယ်လို့ ECMWF Model ရဲ့ အမြင့် ပေ ၅၀၀၀ရှိ လေစီးကြောင်းတွေကို အခြေခံပြီး ခန့်မှန်းထားတယ်လို့ သိရပါတယ်။