Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရွှေစည်းခုံစေတီရင်ပြင်တွင် မူလလက်ရာသဲကျောက်ပြားများပေါ်အောင်ပြန်လည်ဖော်ထုတ်နေ

—————————————–

၂‌၀၂၄ခုနှစ်၊ဩဂုတ်လ၊(၂၉)ရက်

ပုဂံရွှေစည်းခုံစေတီရင်ပြင်မှာ အင်္ဂတေနဲ့ဖုံးကွယ်နေတဲ့ မူလလက်ရာသဲကျောက်ပြား‌တွေ‌ ပြန်ပေါ်အောင်ပြန်လည်ဖော်ထုတ်ထိန်းသိမ်းနေတယ်လို့ပုဂံရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရပါတယ်။

ရေစီးရေလာကောင်းပြီး ရေဆင်းကောင်းစေဖို့ ရည်ရွယ်ပြီး မူလလက်ရာရှေးဟောင်းသဲကျောက်ပြားကြီး‌တွေကို ညီညာပေါ်လွင်စေရေးအတွက် အင်္ဂတေနဲ့ဖုံးကွယ်နေတဲ့ သဲကျောက်ပြားတွေကို ပြန်လည်ဖော်ထုတ်နေတာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ ပုဂံရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက “အရင်တုန်းက ပုဂံကရွှေစည်းခုံဘုရားရဲ့ရင်ပြင်ကြမ်းပြင်က အင်္ဂတေလောင်းထားတယ်လေ။အဲဒီ့အင်္ဂတေတွေက မူလလက်ရာ သဲကျောက်ပြားကြီးကိုဖုံးထားတာ။အဲဒါကို မူလလက်ရာ သဲကျောက်ပြားတွေပြန်ပေါ်အောင်၊ အများပြည်သူကို ပြသနိုင်အောင် ဖော်ထုတ်၊မှတ်တမ်းတင်တာ၊ပုံရေးဆွဲဆောင်ရွက်နေတာဖြစ်ပါတယ်”လို့ပြောပါတယ်။

မူလလက်ရာ သဲကျောက်ပြားတွေဖော်ထုတ်ပြီးရင် လိုအပ်တဲ့ မူလလက်ရာနဲ့ တူညီတဲ့သဲကျောက်ပြားတွေကို ပြန်ဖြည့်ပြီး ရေဆင်းကောင်းမွန်စေရေး အတွက် သဲကျောက်ပြားကြားမှာရှိတဲ့ အင်္ဂတေလွှာ‌ တွေကို ဖယ်ရှားတာ၊Level ညှိတာတွေ ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။