Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဗဟိုဘဏ်၏အတိုးနှုန်း၊ ဘဏ်များအပ်ငွေနှင့်ချေးငွေအတိုးနှုန်းများကို ပြင်ဆင်သတ်မှတ်

၂၀၂၄ခုနှစ်သြဂုတ်လ၁၅ရက်

ဗဟိုဘဏ်ရဲ့ အတိုးနှုန်း၊ ဘဏ်တွေကအပ်ငွေတွေအပေါ်ပေးတဲ့အတိုးနှုန်းနဲ့ ချေးငွေတွေအပေါ် ကောက်ခံနိုင်တဲ့ အတိုးနှုန်းတွေ ပြင်ဆင်သတ်မှတ်လိုက်တယ်လို့ ဗဟိုဘဏ်ရဲ့ထုတ်ပြန်ချက် အရသိရပါတယ်။

ဗဟိုဘဏ်အတိုးနှုန်းကို လက်ရှိ ၇ ရာခိုင်နှုန်းကနေ ၉ ရာခိုင်နှုန်းသို့ တိုးမြှင့် သတ်မှတ်တယ်လို့ ဆိုပါတယ်။

ဘဏ်တွေက အပ်ငွေတွေအပေါ်ပေးရတဲ့ အနည်းဆုံးအတိုးနှုန်းကို ၇ ရာခိုင်နှုန်းနဲ့ ချေးငွေတွေအားလုံးအတွက်ကောက်ခံနိုင်တဲ့ အများဆုံးအတိုးနှုန်းကို ၁၅ ရာခိုင်နှုန်း သတ်မှတ်လိုက်ပါတယ်။

ဘဏ်တွေအနေနဲ့ မိမိတို့ရဲ့အမြတ်ရနိုင်စွမ်းနဲ့ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲနိုင်မှုအရ အပ်ငွေ နဲ့ ချေးငွေအတိုးနှုန်းတွေကို ၇ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအတွင်း သတ်မှတ်ရမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုအတိုးနှုန်းပြင်ဆင်ချက်ဟာ ၂၀၂၄ခုနှစ်၊စက်တင်ဘာလလ(၁)ရက်နေ့မှစပြီး အကျိုးသက် ရောက်မှာ ဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။

အဲဒီလိုပြောင်းလဲသတ်မှတ်ရာမှာ နိုင်ငံတော်ရဲ့မူဝါဒအရ လက်ရှိထုတ်ချေးပေးလျက်ရှိတဲ့ အထူးချေးငွေတွေရဲ့ အတိုးနှုန်းတွေဟာ ပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။

အခုလိုအတိုးနှုန်းပြောင်းလဲသတ်မှတ်ရတာဟာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ ငွေကြေးဖောင်းပွ မှုနှုန်းကို အထိုက်အလျောက် လျော့ကျစေဖို့ ၊ ပြည်သူတွေအနေနဲ့ ဘဏ်အပ်နှံငွေပေါ်မှ အတိုးဝင်ငွေပိုမိုရရှိစေဖို့၊ ဘဏ်တွေရဲ့ ချေးငွေထုတ်ချေးနိုင်မှု ပိုမိုလာပြီးစီးပွားရေးတိုးတက်မှုကို အထောက်အကူပြုစေဖို့ ရည်ရွယ်တယ်လို့ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။