၂၀၂၄ခုနှစ်သြဂုတ်လ(၁၄)ရက်
ရန်ကုန်မှာ စက်သုံးဆီတွေ ရှားပါးပြတ်လပ်ပြီး လိုသလောက်မရတဲ့အတွက် စင်းလုံးငှားTAXIယာဉ်မောင်းတွေ အခက်ကြုံနေပြီး တက်စီအငှားလိုက်တာခဏရပ်ထားရတယ်လို့သိရပါတယ်။
ဒီကနေ့သြဂုတ်လ(၁၄)ရက်မှာ စက်သုံးဆီမရမှုအဆိုးဆုံးဖြစ်နေပြီး ဆီဘောက်ဆာကားမဝင်သေးဘူးလို့ဆိုပါ တယ်။
‘‘ဦးလေးတန်းစီတာတော့ သင်္ဃန်းကျွန်းရယ်၊တောင်ဒဂုံရယ်၊မြောက်ဒဂုံရယ်မှာ သွားတန်းစီတာ မရခဲ့ဘူး။ မနေ့ကတုန်းကရသေးတယ်။ဒီနေ့ကပိုဆိုးသွားပြီ။ဘယ်မှာမှ မရတော့ဘူး။အချို့ကျတော့ ညဘက်ကတန်းစီထားရင်တော့ပိုစိတ်ချရတာပေါ့။ညဘက်တုန်းက တန်းစီထားကြတာများတယ်။ဦးတို့ တက်စီယာဉ်မောင်းတွေကတော့အခက်အခဲကြုံတာပေါ့ ဆီမရှိတော့ မမောင်းရတော့ဘူးပေါ့’’လို့ တက်စီယာဉ်မောင်းတစ်ဦးကပြောပြထားပါတယ်။
အရင်တုန်းကတော့ DENKO ၊ရာဇာမင်း ၊360 တို့မှာ ရခဲ့ပြီး အခုချိန်မှာတော့ စက်သုံးဆီဆိုင်တော်တော် များများမှာစက်သုံးဆီပြတ်လပ်နေလို့ လိုသလောက်ရောင်းချပေးတာမျိုးတွေမရှိတော့ဘူးလို့ ဆိုပါတယ်။
ကုမ္ပဏီအချို့မှာလည်း စက်သုံးဆီပြတ်လပ်နေလို့ ဝန်ထမ်းဖယ်ရီမစီစဉ်ပေးနိုင်တော့ဘဲ ခရီးစရိတ်သာ ထုတ်ပေးတာမျိုးတွေဆောင်ရွက်နေတယ်လို့ ကုမ္ပဏီဝန်ထမ်းအချို့ထံမှသိရပါတယ်။
အချို့ တက်စီယာဉ်မောင်းတွေလည်း ခရီးသည်ကို ဆီကုန်ခံလိုက်မရှာနိုင်တော့တဲ့ အတွက် Grabလိုမျိုး ခရီးသည်ခေါ်ပြီးချိတ်ဆက်ပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ပိုမိုချိတ်ဆက်ဆောင်ရွက်ဖြစ်တယ်လို့ သိရပါတယ်။