ရုရှားဖက်ဒရေးရှင်းနိုင်ငံက ITAR-TASS Media နဲ့ အင်တာဗျူးတွေ့ဆုံရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းပြည်တည်ငြိမ်မှုကောင်းပြီဆိုတာနဲ့ ရွေးကောက်ပွဲကို တစ်ပြိုင်နက်တည်း မဟုတ်တောင်မှ လုပ်နိုင်တဲ့အပိုင်းလိုက်ကို ဥပဒေနဲ့အညီ ဆောင်ရွက်သွားဖို့ ရှိတယ်လို့ ထည့်သွင်းဖြေကြားသွားခဲ့ကြောင်း သိရှိရပါတယ်။
“ကျွန်တော်တို့က ဒီအရေးပေါ်ကာလတွေ ပြီးလို့ရှိရင် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို အာဏာပြန်လွှဲမယ်၊ ပြန်လွှဲပြီးတော့ အဲဒီရဲ့ဦးဆောင်မှုနဲ့ (၆) လအတွင်းမှာ ကျွန်တော်တိုရွေးကောက်ပွဲ ပြန်လုပ်ရမှာဖြစ်ပါတယ်၊ အဲဒီတော့ ဒီရွေးကောက်ပွဲလုပ်နိုင်ဖို့ဆိုရင် မဲစာရင်းတွေ မှားယွင်းမှုကြောင့် ဖြစ်လာတဲ့အတွက်ကြောင့် မဲစာရင်းမှန်ကန်ရေးကိုလည်း ကျွန်တော်တို့က အဓိကထားလုပ်ရမှာပါပဲ။ မဲစာရင်းမှန်ကန်ရေးကလည်း ဒီနှစ်ထဲမှာ အတတ်နိုင်ဆုံး ကျွန်တော်တို့ လုပ်ပါမယ်။ ပြည့်စုံပြီးလို့ရှိရင် တိုင်းပြည်တည်ငြိမ်မှုကောင်းပြီဆိုတာနဲ့ လုပ်နိုင်တဲ့အပိုင်းလိုက်ပေါ့ တစ်ပြိုင်နက်တည်း မဟုတ်တောင်မှ လုပ်နိုင်တဲ့အပိုင်းလိုက်ကို ဥပဒေနဲ့အညီ ကျွန်တော်တို့ ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်သွားဖို့ ရှိပါတယ်” လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အသိပေးခဲ့ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတက်လာခဲ့ရတာဟာ မဲမသမာမှုကြောင့်ဖြစ်လာတဲ့ အကျိုးဆက်တစ်ခုဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့သလို လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲတစ်ခု ပြန်လည်ကျင်းပရေးကတော့ ကျွန်တော်တို့ရဲ့နောက်ဆုံးရည်မှန်းချက်ဖြစ်တယ်လို့လည်း ဆက်လက် ပြောကြားသွားခဲ့ပါတယ်။