မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ယာယီရပ်နားထားခဲ့ရတဲ့ မော်လမြိုင်- ရန်ကုန် ရထားခရီးစဥ်ကို ဒီနေ့ မတ်လ ၂၅ ရက်နေ့က စတင်ပြီး ပြန်လည်ပြေးဆွဲနေပြီလို့ သိရှိရပါတယ်။
ဒီနေ့ မတ်လ ၂၅ ရက်နေ့မှာ အမှတ် (၈၂) အစုန်ရထားက မော်လမြိုင်ဘူတာကြီးကနေ မနက် ၈ နာရီခွဲမှာ စတင်ထွက်ခွာခဲ့ပြီး အမှတ် (၈၁) အဆန် ရန်ကုန်-မော်လမြိုင် ရထားကလည်း မနက် ၆ နာရီခွဲမှာ ရန်ကုန်ဘူတာကြီးကနေ ထွက်ခွာလာခဲ့ပြီလို့ ဆိုပါတယ်။
အဲ့ဒီလို ပြန်လည်စတင် ပြေးဆွဲခဲ့တဲ့ အမှတ် (၈၂) အစုန် မော်လမြိုင်-ရန်ကုန် ရထားမှာ မော်လမြိုင်ဘူတာကြီးကနေ အထက်တန်းခရီးသည်(၄၁)ယောက်၊ ရိုးရိုးတန်းခရီးသည် (၄၉)ယောက်၊ စုစုပေါင်း ခရီးသည် (၉၀)ယောက် လိုက်ပါစီးနင်းခဲ့ကြောင်း မော်လမြိုင်ဘူတာကြီးရဲ့ထုတ်ပြန်ချက်အရ သတင်းကြားသိရပါတယ်။
အဲ့ဒီ မော်လမြိုင်-ရန်ကုန် ရထားခရီးစဥ်တွေကို နေ့စဥ်ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲတော့မှာဖြစ်ပြီး အထက်တန်း ၃ ရက်ကြို၊ ၂ ရက်ကြို၊ ၁ ရက်ကြိုတင်လက်မှတ်တွေကို မော်လမြိုင်ဘူတာကြီး ရက်ကြိုလက်မှတ်ရုံမှာ မနက် ၇ နာရီကနေ နေ့လည် ၃ နာရီအထိ ရောင်းချပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။