Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အမျိုးသမီး ၆ ဦးပါတဲ့ မြန်မာခါးပိုက်နှိုက်ဂိုဏ်းထဲက ၅ ဦးကို ထိုင်းရဲတွေ ဖော်ထုတ်ဖမ်းဆီး

ထိုင်းဘက်အခြမ်းကိုသွားရောက်ကာ သောင်းကျန်းနေတဲ့ မြန်မာအမျိုးသမီး ၆ ယောက်ပါ ခါးပိုက်နှိုက်ဂိုဏ်းတစ်ခုထဲက အမျိုးသမီး ၅ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က မတ်လ ၂၄ ရက်နေ့ မနက်ပိုင်းမှာ ဖော်ထုတ်ဖမ်းဆီးလိုက်ပြီလို့ ထိုင်းသတင်းမီဒီယာတွေရဲ့ဖော်ပြမှုအရ သိရှိရပါတယ်။

အဲ့ဒီ ခါးပိုက်နှိုက်ဂိုဏ်းကို မြဝတီ-မဲဆောက် ချစ်ကြည်ရေးအမှတ် ၁ တံတားရဲ့မဲဆောက်ဘက်အခြမ်းမှာ ဖမ်းဆီးရမိခဲ့ပြီး ခါးပိုက်အနှိုက်ခံလိုက်ရတဲ့ အသက် ၆၈ နှစ်အရွယ် ထိုင်းအမျိုးသမီးကြီးတစ်ယောက်ရဲ့တိုင်ကြားချက်အရ ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးဖော်ထုတ်ပြီး ဖမ်းဆီးလိုက်တာလို့ သတင်းတွေက ရေးသားထားပါတယ်။

တိုင်ကြားသူ အမျိုးသမီးကြီးက ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့ မနက်ပိုင်းတုန်းက ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ နတ်စင်လမ်းမှာ ဖွင့်လှစ်ထားတဲ့ ဇင်ရတနာရွှေဆိုင်မှာ ရွှေလာဝယ်စဥ်အခိုက် သူမရဲ့ပိုက်ဆံအိတ်ထဲက ဘတ်ငွေ ၄၈,၀၀၀ နှိုက်ယူခံလိုက်ရတလို့ မဲဆောက်ရဲစခန်းမှာ သွားရောက်တိုင်ကြားခဲ့တာကနေ အခုလို ဖမ်းဆီးရမိတာတွေ ဖြစ်ပေါ်လာခဲ့တာပါ။

အဲ့ဒီတိုင်ကြားမှုအရ ရဲတပ်ဖွဲ့ဝင်တွေက အခင်းဖြစ်ပွားရာ ရွှေဆိုင်မှာရှိတဲ့ CCTV မှတ်တမ်းကို စစ်ဆေးလိုက်အပြီးမှာ ပြစ်မှုကျူးလွန်သူတွေကို ခြေရာခံမိသွားခဲ့ပြီး မတ်လ ၂၄ ရက်နေ့ မနက်ပိုင်းမှာ ပြစ်မှုကျူးလွန်သူ ၆ ဦးထဲက အမျိုးသမီး ၅ ဦးကို နောက်တစ်ကြိမ် ခါးပိုက်နှိုက်ဖို့အတွက် မဲဆောက်ဘက်အခြမ်းဆီ ပြန်ဝင်လာစဥ်မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းမိလိုက်တာဖြစ်ပါတယ်။

လက်ရှိမှာတော့ အဲဒီ မြန်မာအမျိုးသမီး ၅ ယောက်ဟာ ထိုင်းအမျိုးသမီးကြီးဆီကနေ ဘတ်ငွေ ၄၈,၀၀၀ နှိုက်ယူခဲ့ကြောင်း ဝန်ခံဖြောင့်ချက်ပေးလိုက်ပြီဖြစ်ပြီး သူတို့အားလုံးကို မဲဆောက်ရဲစခန်းမှာ ထိန်းသိမ်းစစ်ဆေးနေတယ်လို့ သိရှိရပါတယ်။