မန်စီးတီးနောက်ခံလူ ကိုင်လီဝေါ်လ်ကာ ဟာ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်လိုက်ရတာကြောင့် မန်စီးတီးအတွက် စိုးရိမ်ဖွယ်ရာ ထိုးနှက်ချက်တစ်ရပ်ဖြစ်သွားမှာကို စိုးရိမ်ရတယ်လို့ Daily Mail သတင်းစာက ရေးသားဖော်ပြလိုက်ပါတယ်။
ကိုင်လီဝေါ်လ်ကာ ဟာ ဘရာဇီးက အင်္ဂလန်ကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ယူသွားခဲ့တဲ့ ချစ်ကြည်ရေးခြေစမ်းပွဲမှာ ဒဏ်ရာရသွားခဲ့ပြီး ဒဏ်ရာအမျိုးအစားက တံကောက်ကြောဒဏ်ရာဖြစ်နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ကိုင်လီဝေါ်လ်ကာ ဟာ ဒီပွဲကို အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး ပွဲအစ ၁၉ မိနစ်မှာ ဒဏ်ရာရသွားတာပဲဖြစ်ပါတယ်။
ဒဏ်ရာရသွားချိန်မှာ ကိုင်လီဝေါ်လ်ကာ ကို ချက်ချင်း လူစားမလဲခဲ့ဘဲ ဆေးကုသမှုခံယူပြီးတဲ့နောက် ပြန်လည်ဝင်ရောက် ကစားစေခဲ့သေးကာ နောက်ထပ်အချိန်အနည်းငယ်ကြာမှပဲ အခြေအနေ မဟန်လောက်လို့ လူစားလဲလိုက်တာဖြစ်ပါတယ်။
လက်ရှိမှာတော့ ကိုင်လီဝေါ်လ်ကာရဲ့ဒဏ်ရာကို နောက်ထပ်တစ်ဆင့် စစ်ဆေးမှုတွေ ဆောင်ရွက်နေပြီလို့ သိရှိရပါတယ်။