မနေ့တုန်းက ညနေပိုင်းမှာ YBS-58 ယာဉ်လိုင်းထက် ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်က အနုကြမ်းစီးတာ၊ ဓားပြတိုက်တာ မဟုတ်ဘူးလို့ ထုတ်ပြန်လိုက်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ ညောင်တန်းအိမ်ယာအနီးမှာ မနေ့က ညနေပိုင်းတုန်းက YBS-58 ယာဉ်လိုင်းထက် အနုကြမ်းစီး ဓါးပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ လူမှုကွန်ယက်စာမျက်နှာတွေထက်မှာ သတင်းပျံ့နှံ့လာတာကို တွေ့ရတဲ့အတွက် အခုလို ရှင်းလင်းချက်ထုတ်ပြန်လိုက်တာလို့ သိရှိရပါတယ်။
ဖြစ်စဉ်ကို စစ်ဆေးခဲ့ရာမှာ YBS-58 ယာဉ်၊ ယာဉ်အမှတ် 9P-8757 ဟာ သီတာဆိပ်မှတ်တိုင်မှာ မတ်လ ၁၂ ရက်၊ ညနေ ၃ နာရီ ၃၃ မိနစ်အချိန်က ခရီးသည်တွေဆင်းဖို့အတွက် ရပ်နားပေးစဉ်အခိုက် ယာဉ်နောက်ပိုင်းက ဂျင်းဘောင်းဘီဝတ် အမျိုးသားတစ်ယောက်ဟာ ယာဉ်အရှေ့ပိုင်း သံဃာထိုင်ခုံနားမှာ ရပ်နေတဲ့ ဘောင်းဘီဝတ် ဦးထုပ်ဆောင်းထားသူတစ်ဦးဆီ အော်ဟစ်ပြေးကပ်လာပြီး “မင်းဖုန်းဘယ်နှလုံးပါသလဲ၊ အခုထုတ်ပေး”လို့ အော်ဟစ်ပြောကြားခဲ့ပြီး “ပြေးဆင်းဖို့ မကြိုးစားနဲ့၊ လုပ်ပစ်လိုက်မယ်”လို့ ခြိမ်းခြောက်ခဲ့ကြောင်း၊ အကြိမ်ကြိမ်ခြိမ်းခြောက်ခဲ့တဲ့အတွက် လူငယ်က ဖုန်းကို စလွယ်သိုင်း လွယ်အိတ်ထဲကနေ ထုတ်ပေးလိုက်တာဖြစ်တယ်လို့ စိစစ်တွေ့ရှိရကြောင်း၊ ခရီးသည်အများစုကလည်း မင်သက်ငေးကြည့်နေကြသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။