မဟာသုဗောဓာရုံ ကျောင်းတိုက်တွေရဲ့ဦးစီးပဓာန နာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဌဂုရု၊ ရွှေကျင်နိကာယဥပဥက္ကဋ္ဌ မဟာနာယက၊ ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသရဲ့သက်တော် ၈၄ နှစ်ပြည့် ဝိဇာတမွေးနေ့အထိမ်းအမှတ် မင်္ဂလာအခမ်းအနားကို စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံကျောင်းတိုက်မှာ ကျင်းပသွားမယ်လို့ သိရှိရပါတယ်။
ဝိဇာတမွေးနေ့အထိမ်းအမှတ် မင်္ဂလာအခမ်းအနားကို လာမယ့် တပေါင်းလပြည့်နေ့ (မတ်၂၄ ရက်) မှာ ကျင်းပသွားမှာဖြစ်ပြီး မွေးနေ့အလှူအဖြစ် သံဃာ အပါး (၅၀၀)၊ သီလရှင် အပါး (၅၀၀)တို့ကို ပင့်ဖိတ်ကာ လှူဖွယ်ပစ္စည်းတွေ သံဃဒါန လောင်းလှူသွားမှာဖြစ်တယ်လို့ သတင်းကြားသိရပါတယ်။
ဆရာတော်ဘုရားကြီးကို ခမည်းတော် ဦးစံလှ (ဦးဂုဏောဒယ) နဲ့ မယ်တော် ဒေါ်ခင် (ဒေါ်ဝံသဂ္ဂီ) တို့က ၁၉၃၉ ခုနှစ်၊ မတ်လ ၂၂ နေ့မှာ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ညောင်ပင်ရွာမှာ ဖွားမြင်ခဲ့တာဖြစ်ပါတယ်။
အသက် ၁၀ နှစ်အရွယ်မှာ နဝမရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ကြီးရဲ့စစ်ကိုင်းတောင်ရိုး ဝိပဿနာချောင်ဆီကို ရောက်ရှိကာ အသက် (၁၃) နှစ်အရွယ်ကတည်းက အဘိဓမ္မာစာမေးပွဲ သုံးဆင့်ကို အောင်မြင်ခဲ့ပါတယ်။
ဆရာတော်ဘုရားကြီးဟာ အစိုးရဓမ္မာစရိယစာမေးပွဲကိုလည်း အသက် (၁၆) နှစ်အရွယ် ကိုရင်ဘဝနဲ့ ဖြေဆိုအောင်မြင်တော်မူခဲ့ပါတယ်။