Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ထိုင်း-မြန်မာ နယ်စပ်က မဲဆောက်ဘက်ခြမ်းကို ဈေးသွားရောင်းတဲ့ မြန်မာနိုင်ငံသား ၅ ဦး အဖမ်းခံရ

ထိုင်း-မြန်မာ နယ်စပ်၊ မြဝတီ-မဲဆောက် ချစ်ကြည်ရေးအမှတ် (၁) တံတားအနီး၊ မဲဆောက်ဘက်ခြမ်းကို ဈေးသွားရောင်းတဲ့ မြန်မာနိုင်ငံသား ၅ ယောက်ကို ထိုင်းလူဝင်မှုကြီးကြပ်ရေး တာဝန်ရှိ‌သူတွေက ဖမ်းဆီးလိုက်တယ်လို့ တာ့က်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနရဲ့သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။

အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၁ ဦးပါဝင်တဲ့ အဲဒီမြန်မာဈေးသည်တွေကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မနက် ၁၁ နာရီခွဲအချိန်မှာ တရားမဝင် လာရောက် ဈေးရောင်းချမှုနဲ့ ဖမ်းဆီးလိုက်တာလို့ ဆိုပါတယ်။

သူတို့တွေဟာ မြဝတီမြို့ကနေ Bordar Pass တံတားဖြတ်သန်းခွင့်လက်မှတ်လုပ်ကာ မဲဆောက်ဘက်ခြမ်းကိုလာရောက်ပြီး ကွမ်းယာ၊ ဆေးလိပ်၊ ထိုးမုန့်၊ ဖုန်းဆင်းကဒ်၊ ငါးခြောက်၊ ငါးချဉ် စတဲ့ ပစ္စည်းတွေကို ဈေးဗန်းထဲထည့်ပြီး ရောင်းချကြသူတွေဖြစ်တယ်လို့ လတ်တလောမှာ သိရှိရပါတယ်။

ဖမ်းဆီးရမိသူတွေကို ဥပဒေအရ အရေး‌ယူနိုင်ဖို့အတွက် မဲဆောက်ရဲစခန်းမှာ ထိန်းသိမ်းထားပြီး ထိုင်းဥပဒေအရ တားမြစ်ထားတဲ့လုပ်ငန်းတွေကို ဝင်ရောက်လုပ်ကိုင်လို့ ဖမ်းဆီးခံရရင် ဒဏ်ငွေ ဘတ် ၅,၀၀၀ ကနေ ၅၀,၀၀၀ အထိ ပေးဆောင်ရမှာဖြစ်တဲ့အပြင် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့် (၂) နှစ်အပိတ်ခံရခြင်းနဲ့ ပြည်နှင်ဒဏ်ပေးခံရခြင်းပြစ်ဒဏ်တွေ ကျခံရနိုင်တယ်လို့ သတင်းကြားသိရပါတယ်။