မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့၊ မုဒွန်းကျေးရွာ၊ ရပ်ကွက် (၁၂) က ဒေါ်အေးဝင်းရဲ့နေအိမ်မှာ ဆိုလာကနေ မီးအပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့လို့ နေအိမ် ၁၆ လုံး မီးလောင်ဆုံးရှုံးသွားခဲ့ရကြောင်း သိရှိရပါတယ်။
ဖေဖော်ဝါရီလ ၂၀ ရက်၊ မွန်းလွဲ ၃ နာရီလောက်မှာ ဒေါ်အေးဝင်းရဲ့နေအိမ်ထဲ ဆိုလာနဲ့ ဘတ္ထရီအားသွင်းထားရာကနေ အပူလွန်ကဲပြီး မီးလောင်လို့ အဲ့ဒီအနားက နေအိမ်တွေပါ မီးကူးစက်ခံရပြီး မီးလောင်သွားခဲ့တယ်လို့ သတင်းကြားသိရပါတယ်။
မီးလောင်မှုကြောင့် နေအိမ် ၁၆ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
မဲလောင်မှုဖြစ်တဲ့နေရာဆီကို မြို့ခံမီးသတ်စခန်းက မီးငြိမ်းသတ်ယာဉ်တွေ၊ ရေသယ်ယာဉ်တွေ၊ လူမှုကူညီရေးအသင်းတွေနဲ့ ဒေသခံပြည်သူတွေ လာရောက်ကာ ဝိုင်းဝန်းငြိမ်းသတ်ပေးခဲ့လို့ ညနေ ၃ နာရီခွဲလောက်မှာ မီးငြိမ်းသွားတယ်လို့ သိရှိရပါတယ်။
လက်ရှိအချိန်မှာတော့ နေအိမ်မီးလောင် ဆုံးရှုံးသွားတဲ့ ပြည်သူတွေကို ဘုန်းတော်ကြီးကျောင်းမှာ ယာယီကယ်ဆယ်ရေး ဖွင့်လှစ်ပေးထားတယ်လို့ သတင်းကြားသိရပါတယ်။