ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံဆီကို နေ့စဉ်ရက်ဆက် အောက်လမ်းကနေ တရားမဝင် သွားရောက်နေတဲ့ မြန်မာလူငယ်အများစုဟာ ထိုင်းနိုင်ငံသားတွေ မလုပ်ချင်တဲ့ ညစ်ပတ်ခက်ခဲကာ အန္တရာယ်များတဲ့အလုပ်ကိုပဲ ရနိုင်ဖွယ်ရှိကြောင်း သိရှိရပါတယ်။
ထိုင်းနိုင်ငံထဲမှာ ထိုင်းနိုင်ငံသားတွေ မလုပ်ချင်တဲ့အလုပ်တွေကို 3D လို့ခေါ်ဆိုပြီး အဲ့ဒီ D သုံးလုံးက Dirty=ညစ်ပတ်တဲ့အလုပ်၊ Difficult=ခက်ခဲကြမ်းတမ်းတဲ့အလုပ်နဲ့ Dangerous=အန္တရာယ်ရှိတဲ့အလုပ်မျိုးတွေကို ရည်ညွှန်းတာလို့ ဆိုပါတယ်။
အခုလိုမျိုး အစေအပါးအလုပ်တွေကို ထိုင်းနိုင်ငံဆီ ပုံမှန်လာရောက် လုပ်ကိုင်လေ့ရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေဆီက ရွှေ့ပြောင်းလုပ်သားတွေအပေါ် ထိုင်းနိုင်ငံက မှီခိုအားထားနေတယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ စက်မှုလုပ်ငန်းတွေနဲ့ လယ်ယာလုပ်ငန်းတွေမှာ လုပ်ကိုင်ဖို့အတွက် ထိုင်းနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေ အများအပြား လိုအပ်နေတယ်လို့ သိရှိရပါတယ်။