မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေမှာ တရုတ်နိုင်ငံနဲ့ တရုတ်လူမျိုးတွေက ဆက်လက်ပြီး ကူညီဆောင်ရွက်ပေးဖို့ ပန်ကြားလိုတယ်လို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
၂၀၂၄ ခုနှစ် ရွှေနဂါးတရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနားကို မနေ့က ညနေပိုင်းမှာ ရန်ကုန်မြို့က အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏမှာ ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန် ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဇနီး ဒေါ်ကြူကြူလှတို့က တက်ရောက်ချီးမြှင့်ခဲ့ကြတယ်လို့ သိရှိရပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ရှေးအစဉ်အဆက် နိုင်ငံ့ခေါင်းဆောင်ကြီးများက အမြော်အမြင်ကြီးစွာ တည်ဆောက်ခဲ့တဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်နဲ့အညီ မိမိတို့နှစ်နိုင်ငံဟာ အိမ်နီးချင်းကောင်းပီသစွာ အပြန်အလှန်နားလည်မှုတွေနဲ့ နေထိုင်ခဲ့ကြလို့ ရံဖန်ရံခါ တွေ့ကြုံရတဲ့ပဋိပက္ခတချို့ကို နှစ်နိုင်ငံအစိုးရနဲ့ ပြည်သူတွေက ငြိမ်းချမ်းစွာအဖြေရှာပြီး ခိုင်မာတဲ့ဆက်ဆံရေးကို ထိန်းသိမ်းတည်ဆောက်နိုင်ခဲ့ကြတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အသိပေးသွားခဲ့ပါတယ်။
နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့ဟာ နှစ်နိုင်ငံဆက်ဆံရေးကို အေးအတူပူအမျှ အသိုက်အဝန်းတစ်ခုအဖြစ် အတူယှဉ်တွဲနေထိုင်နေတဲ့အတွက် မိမိတို့မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေမှာ တရုတ်နိုင်ငံနဲ့ တရုတ်လူမျိုးတွေက ဆက်လက်ပြီး ကူညီဆောင်ရွက်ပေးဖို့ ပန်ကြားလိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။