ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်က ရပ်ကွက်တွေထဲမှာ သေနတ်အတုနဲ့ ဓားတွေကိုင်ဆောင်ပြီး ငွေလွှဲငွေထုတ်ဆိုင်တွေကို အဓိကထားကာ ခြိမ်းခြောက်လုယက်နေသူတွေကို သက်ဆိုင်ရဲတပ်ဖွဲ့ဝင်တွေက ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ဖမ်းဆီးရမိလိုက်ပြီလို့ သိရှိရပါတယ်။
ဖမ်းဆီးရမိတဲ့ ပြစ်မှုကျူးလွန်သူတွေဟာ မန်ခိန်ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၂၄ နှစ်အရွယ် နောနော်ဆိုင်း၊ စီတာပူရပ်ကွက်မှာနေထိုင်သူတွေဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ် အောင်တူး (ခ)ဆိုင်းတူးအောင်နဲ့ အသက် ၂၄ နှစ်အရွယ် ကိုမုန်လတ်အောင် တို့ဖြစ်ကြတယ်လို့ သတင်းကြားသိရပါတယ်။
အဲ့ဒီလူငယ် ၃ ယောက်ကို ရဲတပ်ဖွဲ့က စီတာပူရပ်ကွက်ထဲမှာတွေ့လို့ မသင်္ကာမှုနဲ့ ခေါ်ယူစစ်ဆေးလိုက်ချိန်မှာ သူတို့က ရပ်ကွက်ထဲမှာရှိတဲ့ ငွေလွှဲငွေထုတ်ဆိုင်တွေ အပါအဝင် တခြားနေရာတွေမှာလည်း ပိုက်ဆံ၊ ဖုန်းနဲ့ ဆိုင်ကယ်တွေကို သေနတ်အတုနဲ့ ဓားတွေကိုင်ဆောင်ကာ ခြိမ်းခြောက်ပြီး လုယက်မှုကျူးလွန်သူတွေဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ အဲဒီ လုယက်မှုကျူးလွန်သူ လူငယ် ၃ ယောက်ကို ဥပဒေအရ အရေးယူနိုင်ဖို့အတွက် မြစ်ကြီးနားမြို့၊ မြို့မရဲစခန်းမှာ အမှုဖွင့်စစ်ဆေး နေပြီဖြစ်ပါတယ်။