မြန်မာနိုင်ငံကနေပြီး ထိုင်းနိုင်ငံဆီကို နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ (MOU)နဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ပို့ဆောင်ပေးနေတဲ့ လုပ်ငန်းစဉ်တွေကို ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ ယာယီရပ်ဆိုင်းထားရမယ်လို့အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေဆီ အကြောင်းကြားထားပြီလို့ သိရှိရပါတယ်။
နိုင်ငံခြားတိုင်းပြည်တွေဆီကို အလုပ်သွားရောက်လုပ်ကိုင်မယ့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ Overseas Worker Identification Card (OWIC)ကဒ် မဖြစ်မနေ လုပ်ရပြီး အခုအချိန်မှာ OWIC ကဒ်လုပ်မယ့် ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အဆင့်တစ်ဆင့် ထပ်ပြီးပိုလာတာ ရှိနေပြီလို့လည်း သတင်းကြားသိရပါတယ်။
အဲ့ဒါကတော့ အလုပ်သမားများတွေဟာ လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပေးတဲ့ စလစ်တစ်ခုကို ထပ်မံဖြည့်ပေးရတာပဲဖြစ်ပါတယ်။
မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ မှတ်ပုံတင် (မူရင်း) ကို ယူဆောင်လာရပြီး လဝက ဆီမှာ ရှိနေတဲ့ အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးကာ အချက်အလက် အမှားတစ်စုံတစ်ရာရှိနေရင် OWIC ကဒ်လုပ်ပေးဖို့ ငြင်းဆိုတယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က အတည်ပြုပြဌာန်းလိုက်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ပြည်သူစစ်မှုထမ်းဥပဒေကို ဧပြီလနောက်ပိုင်းကစတင်ပြီး အကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက အသိပေးထားပါတယ်။