Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

နဂါးနှစ်ကောင်ဆရာတော်ကြီးရုပ်ကလာပ်ကို မိုင်းဖုန်းဆရာတော်ကြီးနဲ့ ထိုင်းက အရာရှိကြီးတွေ လာရောက်ဖူးမြော်

ပျံလွန်‌တော်မူသွားပြီဖြစ်တဲ့ နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော်ကြီးရဲ့ရုပ်ကလာပ်‌တော်ကို မိုင်းဖုန်းဆရာတော်ကြီးနဲ့ ထိုင်းနိုင်ငံမှ အရာရှိကြီးတွေ လာရောက်ဖူးမြော်ကြတယ်လို့ သိရပါတယ်။

မိုင်းဖုန်းဆရာတော်ကြီးနဲ့ ထိုင်းနိုင်ငံမှ အရာရှိကြီးတွေ ဒီနေ့ ဖေ‌ဖော်ဝါရီလ ၁၀ ရက်နေ့မှာ နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော်ကြီးရဲ့ရုပ်ကလာပ်‌တော်ကို လာရောက်ဖူးမြော်ကြတာလို့ ဆိုပါတယ်။

တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက်၊ ဦးစီးပဓာနနာယကဆရာတော် ၊နိုင်ငံတော်ဩဝါဒစရိယဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဓမ္မသီရိဟာ ဖေဖော်ဝါရီလ ၈ ရက်မှာ ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး ဆရာတော်ကြီးဟာ မြန်မာနိုင်ငံမှာသာမကဘဲ ထိုင်းနိုင်ငံမှာလည်း နာမည်ကျော်စောတာကြောင့် ဆရာတော်ကြီးပျံလွန်တော်မူချိန်မှာ ထိုင်းနိုင်ငံက အာဏာပိုင် အရာရှိ၊ အရာခံကြီးများကိုယ်တိုင် လာရောက်ဖူးမြော်ကြတာဖြစ်တယ်လို့ သိရှိရပါတယ်။

ဆရာ‌တော်ကြီးဘဒ္ဒန္တဓမ္မသီရိဟာ နိုင်ငံတော် သြဝါဒစရိယ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ရ သာသနာ့အာဇာနည်ဆရာတော်ကြီး တစ်ပါးဖြစ်လို့ ဆရာတော်ကြီးရဲ့အန္တိမဈာပနကို အခမ်းအနားဆုံးဆောင်ရွက်ပေးဖို့ကို နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း လမ်းညွှန်မှာကြားထားတယ်လို့ သတင်းကြားသိရပါတယ်။

ဆရာတော်ဘုရားကြီးဟာ ပျံလွန်ချိန်မှာ သက်တော်(၉၇)နှစ်၊ ဝါတော် (၇၇)ဝါရှိပြီဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း ဆေးကုသမှုခံယူခဲ့ပြီးတဲ့နောက် နဂါးနှစ်ကောင်ကျောင်းတိုက်ထဲမှာ ဆေးကုသမှု ဆက်လက်ခံယူနေစဉ်အခိုက်မှာပဲ ပျံလွန်တော်မူသွားခဲ့တာလို့ သိရှိရပါတယ်။