ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ သနပ်ဖက်ကျေးရွာအုပ်စု၊ သနပ်ဖက်ကျေးရွာမှာ အသက်(၆၇)နှစ်အရွယ် အမျိုးသားက ဆွေမျိုးတော်စပ်တဲ့ စိတ်ကျန်းမာရေးချို့တဲ့သူ အမျိုးသမီးငယ်ကို အလိုမတူဘဲ သားမယားပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ လပိုင်းက သနပ်ဖက်ကျေးရွာက နေအိမ်တစ်အိမ်မှာ မိသားစုဝင်တွေက လယ်ထဲသို့ လယ်ယာလုပ်ငန်းလုပ်ကိုင်ဖို့ သွားနေချိန်မှာ အသက်(၆၇)နှစ်အရွယ် အမျိုးသားက ရောက်ရှိလာပြီး နေအိမ်မှာ မောင်နှမနှစ်ယောက်ရှိနေတာကို မောင်ဖြစ်သူကို မုန့်ဖိုးပေးကာ မိဘတွေရှိတဲ့ လယ်ထဲဆီ လိုက်သွားဖို့ပြောလိုက်ပြီး မောင်ဖြစ်သူ ထွက်သွားအပြီးမှာ အဲ့ဒီအမျိုးသားက အစ်မဖြစ်သူကို သားမယားပြုကျင့်လိုက်တာဖြစ်ပါတယ်။
အသက်(၆၇)နှစ်အရွယ် အမျိုးသားဟာ စိတ်ကျန်းမာရေးချို့တဲ့နေတဲ့ အမျိုးသမီးငယ်ကို ပထမတစ်ကြိမ် သားမယားပြုကျင့်အပြီးမှာ မောင်ဖြစ်သူက နေအိမ်ဆီကို ပြန်ရောက်လာတဲ့အတွက် အဲ့ဒီကလေးငယ်ကို မုန့်ဖိုးနောက်တစ်ကြိမ်ပေးကာ မုန့်သွားဝယ်စားခိုင်းလိုက်ပြီးနောက် အသက်(၆၇)နှစ်အရွယ် အမျိုးသားက စိတ်ကျန်းမာရေးချို့တဲ့နေတဲ့ အမျိုးသမီးငယ်ကို ဒုတိယအကြိမ် သားမယားအဖြစ် ထပ်မံပြုကျင့်ခဲ့ပြန်ပါတယ်။
ဒီကိစ္စကို မိဘတွေဆီ ပြန်ပြောရင် ကတ်ကြေးနဲ့ထိုးသတ်မယ်လို့ အသက်(၆၇)နှစ်အရွယ် အမျိုးသားက အမျိုးသမီးငယ်ကို ခြိမ်းခြောက်ထားခဲ့ကြောင်းလည်း သိရှိရပါတယ်။
မိဘတွေက သမီးဖြစ်သူကို မေးမြန်းတာကနေ သမီးဖြစ်သူ ပြောပြလို့ သိလိုက်ရအပြီးမှာ မိဘတွေက လပွတ္တာ (၃)မိုင် နယ်မြေရဲစခန်းမှာ တိုင်ကြားလိုက်ပြီး လက်ရှိမှာတော့ သားမယားပြုကျင့်ခဲ့သူ အသက် ၆၇ နှစ်အရွယ် ဦးဝင်း ကို ရာဇသတ်ကြီး ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်ထားလိုက်ပြီလို့ သိရှိရပါတယ်။