ရန်ကုန်ဟာ လုံခြုံသေးရဲ့လားဆိုရင် မလုံခြုံတော့ပါဘူး။ တစ်ယောက်ကိုတစ်ယောက် မယုံကြည်မှုတွေ၊ သံသယတွေနဲ့ စောင့်ကြည့်ရတဲ့မြို့တော်ကြီး ဖြစ်မှန်းမသိ ဖြစ်လာပါတယ်။ “လူစိမ်းဆိုရင် ယုံကို မယုံတော့တာ။ သတိမလွတ်ရဲဘူး။ စိတ်မချရတဲ့အတွက် ရင်တထိတ်ထိတ် အမြဲဖြစ်ရတယ်”ဆိုတာက တက္ကဆီမောင်းနှင်သူတွေ၊ လမ်းသွားလမ်းလာတွေ၊ ညနက်ပိုင်းမှာ လိုအပ်ချက်တစ်ခုခုကြောင့် အပြင်ထွက်ရသူတွေ အမြဲမပြတ် ပြောကြားလာတဲ့စကားတစ်ခွန်းပါပဲ။ ဘာကြောင့် ဒီလိုဖြစ်ရတာပါလဲ။ ညဘက်ဆိုရင် လူဆိုးလူမိုက်တွေ၊ မသမာသူတွေက ဓားထောက်ပြီး ဖမ်းခေါ်ကာ ငွေညှစ်တာတွေ၊ လူ့အသက်ကို ရန်ရှာတာတွေ၊ လက်စဖျောက်တဲ့အထိ ဘဝကိုအဆုံးသတ်ပစ်တာတွေ ဖြစ်လွန်းခြင်းမက ဖြစ်လာလို့ပါပဲ။
Delivery ပို့ဆောင်ပေးတဲ့ ဝန်ထမ်းလူငယ်လေးတွေတောင် အသက်ကို ရန်ရှာခံရတာတွေနဲ့ မကြာခဏ ကြုံဆုံနေရတယ်လို့ ဆိုပါတယ်။ မြို့နယ်တစ်ခုရဲ့တံတားဘေးမှာ Delivery ပို့ဆောင်ပေးတဲ့လူငယ်လေးကို ဓားနဲ့ထောက်ပြီး ဖုန်းတွေ၊ ငွေတွေတင်မကဘဲ စက်ဘီးပါ ယူဆောင်သွားတဲ့အမှုတွေ ရန်ကုန်မြို့ကြီးမှာ နေ့တိုင်းလိုလို ကြားသိနေရပါတယ်။ မကြာသေးခင်ကပဲ မင်္ဂလာတောင်ညွန့်မြို့နယ်ထဲမှာ ည ၁၀ နာရီကျော်လောက် နေအိမ်ပြန်တဲ့ လူငယ်တစ်ယောက်ကို ဘယ်ကမှန်းမသိတဲ့ လူတစ်စုက ဖမ်းခေါ်သွားပြီး နောက်တစ်နေ့ ညနေကိုရောက်မှ အိမ်ကိုပြန်ရောက်လာခဲ့တဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်လိုက်ပါသေးတယ်။ တကယ်ကို ထိတ်လန့်စရာပါပဲ။ သူ့မိသားစုဝင်တွေဆိုရင် သူတို့သား၊ သူတို့ညီ တစ်ခုခုဖြစ်သွားလေပြီလားဆိုပြီး တစ်ညလုံး၊ တစ်နေ့လုံး ရင်ပူနေခဲ့ကြတယ်လို့ သူတို့မိသားစုနဲ့ရင်းနှီးသူတွေက ပြောပြပါတယ်။
ရန်ကုန်မြို့ရဲ့တစ်ချို့သောနေရာတွေမှာဆိုရင် အလုပ်အပြန် ညနက်ချိန်မှာ အရမ်းစိုးရိမ်ရတယ်လို့ ဝန်ထမ်းမိန်းကလေးတချို့ကလည်း ရင်ဖွင့်ပါတယ်။ လမ်းမီးတွေ အများကြီး မရှိဘဲ လူအသွားအလာ ကျဲပါးတဲ့နေရာတွေမှာ ညဘက် ၈ နာရီလောက်ဆိုရင်ပဲ ကြောက်နေရပြီလို့ ပြောပြပါတယ်။ အဲ့ဒီလိုနေရာတွေမှာ မသမာသူတွေက အုပ်စုလိုက်မှောင်ရိပ်ခိုပြီး ဖုန်းတို့၊ ပိုက်ဆံအိတ်တို့၊ ဆွဲကြိုးတို့ကို လုယက်တာမျိုးတွေ အများအပြားရှိတယ်လို့ ဆိုပါတယ်။
“တကယ့်ကို ကြောက်နေရပါတယ်။ လူဆိုးသူခိုးတွေ လုယက်သူတွေ အရမ်းများနေတဲ့ကာလပါပဲ။ အလုပ်ကပြန်ရင် အစ်ကိုတွေ၊ မောင်တွေ ဒါမှမဟုတ် အဖေကို ဘယ်ကနေ စောင့်နေပေးပါလို့ ကြိုပြောထားရတယ်။ လုယက်ခံရတဲ့သတင်းတွေ အမြဲလိုလိုကြားနေရတော့ သွေးလန့်ပြီး အိမ်ပြန်ချိန်နောက်ကျရင် စိတ်ခြောက်ခြားသလို ဖြစ်နေတယ်”လို့ ဝန်ထမ်းမိန်းကလေးတစ်ယောက်ဖြစ်တဲ့ မယုမော်(အမည်လွှဲ)က အသိပေးပါတယ်။
မူးယစ်ဆေးသုံးစွဲသူတွေ များပြားလာတာ၊ ငွေကြေးဖောင်းပွနေတာတွေကြောင့် တချို့နေရာတွေမှာ ငွေလိုအပ်ချက်အတွက် အုပ်စုဖွဲ့ပြီး ဒုစရိုက်မှုကျူးလွန်တာတွေရှိလာတယ်လို့ ရပ်ကွက်နေပြည်သူတစ်ယောက်က မှတ်ချက်ပေးပါတယ်။ ဟိုင်းခန်းတွေ၊ ဘားတွေ အစရှိတဲ့နေရာတွေမှာ မူးယစ်ဆေးသုံးစွဲတဲ့လူငယ်တွေ များလာတာက ကောင်းမွန်တဲ့လက္ခဏာမဟုတ်ဘူး၊ ငွေလိုလာခဲ့ရင် ထင်ရာစိုင်းမှာပဲလို့ တက္ကဆီယာဉ်မောင်း ဦးရွှေမောင်(အမည်လွှဲ)က ပြောပြပါတယ်။
“ကန်တော်ကြီးစောင်းလိုနေရာတွေမှာ ညဘက်ဆို မှောင်တယ်။ ကြောက်ရတယ်။ တောင်ညွန့်က စကတည်းကကို မူးယစ်ဆေးသုံးစွဲသူတွေ များတဲ့နေရာလေ။ အခုက ဟိုင်းခန်းတွေမှာ မိန်းကလေးတွေပါ အများကြီး တွေ့နေရတယ်။ ဆေးသုံးဖို့ ငွေလိုလာရင် ရမိရရာ လုပ်ကြတော့တာက အစဉ်အဆက်ပဲ”လို့ ဦးရွှေမောင်က မှတ်ချက်ပေးပါတယ်။
တက္ကဆီငှားရမ်းသူတွေဘက် ကြောက်လန့်သလို တက္ကဆီမောင်းနှင်သူတွေဘက်ကလည်း စိုးရိမ်မှုတွေ အပြည့်ရှိနေပါတယ်။ တချို့ကတော့ ကိုယ်စိတ်ချတဲ့သူတွေလောက်ကိုပဲ ညနက်ပိုင်းမှာ မောင်းနှင်ပြီး ပို့ပေးတော့တယ်လို့ သိရပါတယ်။ “အန်ကယ်လ်ကတော့ ညဘက်ဆိုရင် ၈ နာရီလောက်အထိပဲ မောင်းတော့တယ်။ ညနေမောင်းရင်တော့ ကားခေါင်းခန်းမှာ အန်ကယ့်လ် အမျိုးသမီး မဟုတ်ရင် သားတော့ အမြဲပါတယ်။ ဒီကြားထဲ ခရီးသည်ကိုလည်း ကြည့်ရသေးတယ်။ အခြေအနေ မဟန်လောက်ဘူးထင်ရင် ဈေးကို အများကြီး တင်တောင်းပြီး သူမခေါ်နိုင်အောင် လုပ်ရင်း ရှောင်ထွက်ရတာပါပဲ”လို့ နောက်ထပ် တက္ကဆီယာဉ်မောင်းတစ်ယောက်ဖြစ်တဲ့ ကိုသစ်လွင်(အမည်လွှဲ)က ပြောပြပါတယ်။
တက္ကဆီငှားရမ်းသူတွေကလည်း တချို့ယာဉ်မောင်းတွေက လမ်းမှာ သူနဲ့အုပ်စုဖွဲ့ထားတဲ့သူတွေရှိမယ့်နေရာဆီ ဦးတည်မောင်းပြီး လက်တားစီးသူတွေကို ထပ်တင်တဲ့ပုံစံမျိုးတွေလုပ်ပြီး လုယက်တာတွေ၊ လူကို အစဖျောက်ပစ်တာတွေ လုပ်ပစ်တဲ့သတင်းတွေကြားနေရလို့ ငှားမစီးရဲလောက်အောင်ကို ဖြစ်လို့နေပါတယ်။
“တက္ကဆီတွေ ငှားပြီဆိုရင် လမ်းမှာ လက်တား မတင်ရဘူးလို့ကို အပြတ်ပြောထားရတယ်။ ကိုယ့်လည်း သူမယုံ၊ သူလည်း ကိုယ့်မယုံဆိုတဲ့ကာလပါပဲ။ တချို့တွေက မိန်းကလေးပဲ တင်တာဆိုပြီး လုပ်တာတွေရှိသေးတယ်။ အဲ့ဒီမိန်းကလေးက အဲ့ဒီတက္ကဆီသမားနဲ့တစ်ဖွဲ့တည်းဖြစ်နေပြီး အထဲမှာ စီးလာတဲ့လူကို လက်နက်နဲ့ထောက်တာ၊ ခြိမ်းခြောက်တာ၊ သူတို့လူတွေ စုတဲ့နေရာဆီ ခေါ်သွားတာ ရှိနေတယ်လေ။ အဲ့ဒါကြောင့် ညဘက်အတွက် ကိုယ်စိတ်ချရတဲ့ တက္ကဆီပဲ ဖုန်းဆက်ခေါ်ပြီး သွားတော့တယ်”လို့ တာမွေမြို့မှာနေထိုင်သူ မသဲ(အမည်လွှဲ)က ပြောပြပါတယ်။
ဘတ်စ်ကားတွေမှာလည်း ခါးပိုက်နှိုက်မှုတွေ အဆက်မပြတ် ပြန်ဖြစ်နေပြီး တချို့က အုပ်စုနဲ့ကို ဘတ်စ်ကားပေါ်တက်လာကာ ခါးပိုက်နှိုက်မှုကို အုပ်စုနဲ့ ကျူးလွန်တာမျိုးဖြစ်နေတယ်လို့ သိရပါတယ်။ တချို့ဆိုရင်လည်း ညနက်မှာ ဘယ်သူတွေက ဘယ်နေရာဆီ ခေါ်သွားမှန်းမသိလို့ လိုက်စုံစမ်းနေတာ ၆ လလောက် ကြာမြင့်သွားပြီဖြစ်ပေမယ့် အခုထိ ပြန်ရှာမတွေ့သေးကြောင်း သိရပါတယ်။
သေချာတာကတော့ ရန်ကုန်မြို့မှာ ဝမ်းရေးအတွက် ရှာဖွေနေရတဲ့ အောက်ဆုံးအဆင့်ကနေ ဓနဥစ္စာပိုင်ဆိုင်တဲ့ အထက်ဆုံးအဆင့်ထိ ပြည်သူတွေဟာ အကြောက်တရားကို ရင်ဆိုင်နေကြရပြီဆိုတာပါပဲ။ ဘယ်သူက ဘယ်အချိန်မှာ ငါ့ကို ဘယ်လုပ်လိုက်လေမလဲလို့ တွေးပူနေရတာဟာ ရန်ကုန်နေ လူအားလုံးရဲ့စိတ်ထဲကိုရောက်ရှိလာတဲ့ အကြောက်တရားပဲဖြစ်ပါတယ်။ ရန်ကုန်မြို့ကြီးမှာ ဘာတွေဖြစ်နေပြီလဲလို့ မေးခွန်းထုတ်ရဖို့ ရှိနေသလို မလုံခြုံမှုတွေ ပြည့်နှက်လာတဲ့ မြို့တော်ရန်ကုန်ကို စိုးရိမ်ထိတ်လန့်ရဖို့လည်း ရှိနေပြီပဲဖြစ်ပါတယ်။