Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

လဲရင် ပြန်ထ…ဒါဘဝပဲ၊ ၅၈ နှစ်မှာ ဒေဝါလီခံခဲ့ရပြီး ၈၁ နှစ်မှာ သန်းနဲ့ချီ ပြန်ချမ်းသာအောင်လုပ်ပြခဲ့တဲ့ အမီတာဘာချမ်း

လဲရင် ပြန်ထ…ဒါဘဝပဲဆိုတာက စကားအဖြစ် ပြောရင် သိပ်ကို လွယ်ပါတယ်။ အပြောလွယ်သလောက် အလုပ်ခက်တယ်ဆိုတာဟာ လဲရင် ပြန်ထ…ဒါဘဝပဲဆိုတဲ့ စကားပါပဲ။ ဒါပေမဲ့ ဒါကို တကယ်လုပ်ပြခဲ့သူ ရှိပါတယ်။ အဲ့ဒီပုဂ္ဂိုလ်ကတော့ ဘောလိဝုဒ်စူပါစတား ကြယ်ပွင့်ကြီး အမီတာဘာချမ်း ပါပဲ။

လူတစ်ယောက်ဟာ တရှိန်ထိုးအောင်မြင်နေတဲ့ဘဝကနေ အောက်ကို ထိုးဆင်းသွားပြီးရင် နလန်ပြန်ထူနိုင်ဖို့က အတော်လေးကို ခက်ခဲပါတယ်။ အသက်အရွယ်အရ ၅၈ နှစ်လောက်အထိ ဖြစ်နေပြီဆိုရင် “ငါ ပြန်လာနိုင်ပါဦးမလား”၊ “ငါ အောင်မြင်ခဲ့တယ်ဆိုတာ တစ်ချိန်ကဆောင်းတဲ့ ရွှေထီးလေးများ ဖြစ်သွားပြီလား”လို့တောင် အတွေးဝင်တတ်တာပါ။ ဒါပေမဲ့ အမီတာဘာချမ်း ပြန်လာခဲ့ပါတယ်။ “ငါ လာသည်၊ ငါ တွေ့သည်၊ ငါ အောင်ပွဲခံသည်”ဆိုပြီး အမီတာဘာချမ်းက အရောက်ကို ပြန်လာပြခဲ့ပါတယ်။

အမီတာဘာချမ်းဟာ သူ့အသက် ၃၅ နှစ်အရွယ်တုန်းက ဘောလိဝုဒ်မှာ ဟိုးဟိုးကျော်တဲ့ ဒိတ်ဒိတ်ကြဲ စူပါစတားကြီးဖြစ်ခဲ့တာပါ။ ဒါပေမဲ့ အသက် ၅၈ နှစ်အရွယ်ရောက်တော့ အကြွေးငွေပမာဏ ၉၀၀ Crore(၁ Crore သည် အိန္ဒိယငွေကြေး တွက်ချက်မှုတွင် သိန်း ၁၀၀ နှင့် ညီမျှသည်)တင်ရှိပြီး ဒေဝါလီခံလိုက်ရတဲ့အထိတောင် အမီတာဘာချမ်းက အခြေအနေဆိုးသွားခဲ့ပါတယ်။

ဒီနေ့ ဒီအချိန်မှာတော့ အမီတာဘာချမ်းက အသက် ၈၁ နှစ်အရွယ်ရှိနေပါပြီ။ အသက် ၅၈ နှစ်အရွယ်က အကြွေးငွေ ၉၀၀ Crore နဲ့ ဒေဝါလီခံခဲ့ရသူဟာ ဒီကနေ့မှာတော့ အသားတင်အမြတ်ငွေပမာဏ ၃၂၀၀ Crore ပိုင်ဆိုင်တဲ့ အောင်မြင်သူကြီးနေရာဆီကို ပြန်ရောက်နေပါပြီ။ ဘောလိဝုဒ်မှာလည်း အရှိန်အဝါတစ်ခုကို အမီတာဘာချမ်းက ပြန်လည်ရှာဖွေရရှိထားပါပြီ။

အသက် ၃၅ နှစ်အရွယ် စူပါစတားဘဝကနေ အသက် ၅၈ နှစ်ရောက်တော့ ဘဝပျက်သွားတဲ့အထိ အခြေယိုင်သွားပေမယ့် လောကဓံကို အကြောလှန်ပြီး အသက် ၈၁ နှစ်မှာ ဘဝတစ်ခုလုံးကို အောင်မြင်မှုအပြည့်နဲ့ အရပြန်ယူပြခဲ့တဲ့ အမီတာဘာချမ်းရဲ့အလျှော့မပေးမှုက တကယ့်ကို အတုယူစရာပါပဲ။

“လဲကျရုံလောက်နဲ့ သင်မရှုံး၊ လက်မြှောက်အရှုံးပေးလိုက်ပြီဆိုမှသာ သင်တကယ် ရှုံးသွားလေသည်”ဆိုတဲ့စကားကို အမီတာဘာချမ်းက သက်သေပြလိုက်တာပါပဲ။ အရှုံးမပေးဘဲ ပြန်လည်ကြိုးစားသူဆီကို အသက်အရွယ်က ၈၀ ကျော်နေသည့်တိုင် အောင်မြင်မှုဟာ ဆိုက်ဆိုက်မြိုက်မြိုက်ကို အရောက်ပြန်လာပေးရတယ်ဆိုတာ အမီတာဘာချမ်းကိုကြည့်ပြီး အတုယူလိုက်ရပါတော့တယ်။