မက်ဆီကို မူလတန်းအရွယ်က စာသင်ပေးခဲ့တဲ့ဆရာမ ဟာ ဘဝရဲ့နောက်ဆုံးအချိန် အပိုင်းအခြားဆီကို ရောက်ရှိလို့နေပါပြီ။ ဒီအချိန်မှာ မက်ဆီ,ဆီကို သူမ စာရေးခဲ့ပါတယ်။ အဲ့ဒါကတော့ ဘဝရဲ့နောက်ဆုံးထွက်သက်ကို မရှူရှိုက်ခင်မှာ မင်းဆရာမအနေနဲ့ မင်းကို တစ်ခါလောက် ဖက်ခွင့်ရပါရစေဆိုတဲ့ စာပါပဲ။ ဆရာမဟာ အဲ့ဒီစာကို သူမရဲ့လက်ရေးနဲ့ ကိုယ်တိုင်ကိုယ်ကျရေးပြီး မက်ဆီ,ဆီကို ပေးပို့ခဲ့တာပါ။
ဒီစာကို ၂၀၂၂ ကမ္ဘာ့ဖလား မတိုင်ခင်ကတည်းက မက်ဆီ,ဆီကို ပေးပို့ထားခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။ ဆရာမ မိုနီကာ ဒိုမီနီကာ ဟာ မက်ဆီကို ပထမဆုံးစာသင်ပေးခဲ့တဲ့ လက်ဦးဆရာမပါ။ မက်ဆီကို စာဖတ်တတ်အောင်၊ စာရေးတတ်အောင် ပထမဆုံး သင်ကြားပေးခွင့်ရခဲ့တဲ့ ဆရာမဟာ သူဖြစ်တယ်ဆိုတာကို ဒီနေ့အထိတိုင် မယုံနိုင်အောင် ဖြစ်နေရဆဲပဲလို့ ဆရာမ မိုနီကာက ပြောပြပါတယ်။
ဆရာမ မိုနီကာ ဟာ မက်ဆီရဲ့ဆွေမျိုးသားချင်းတွေနဲ့ အခုအချိန်ထိတိုင် ရင်းနှီးနေသူပါ။ အဲ့ဒီလို ရင်းနှီးပေမယ့် မက်ဆီနဲ့တွေ့ခွင့်ရအောင် လုပ်ပေးပါလို့ မက်ဆီရဲ့အမျိုးအဆွေတွေကို နားပူနာဆာ မလုပ်ချင်ဘူးလို့ ဆရာမ မိုနီကာက အသိပေးပါတယ်။
သူမရဲ့ဝမ်းကွဲအစ်ကိုက ရိုဆာရီယိုမြို့ဆီကို မက်ဆီရောက်လာပြီဆိုရင် အမြဲလာခေါ်ပြီး “နင့်တပည့်ကို တွေ့ချင်လား”လို့ အမြဲမေးပေမယ့် ကြယ်ပွင့်တစ်ယောက်ဖြစ်တဲ့ တပည့်ဖြစ်သူကို စိတ်အနှောင့်အယှက် မပေးချင်လို့ သူမအနေနဲ့ အမြဲပဲ ငြင်းခဲ့ဖူးကြောင်း ဆရာမ မိုနီကာက ပြောပြပါတယ်။
အခုအချိန်မှာတော့ အရင်ကနဲ့ မတူတော့ဘဲ ဘဝရဲ့လက်ကျန်အချိန်က သိပ်မရှိတော့လို့ တပည့်ရင်းကို နောက်ဆုံးတစ်ကြိမ်တွေ့ပြီး ထွေးဖက်ခွင့်လေး ရချင်မိနေပြီလို့ ဆရာမက အသိပေးပါတယ်။ သူမရဲ့လည်ချောင်းထဲမှာ အကြိတ်အဖုတွေ ရှိနေပြီး နောက်ဆုံးအချိန်က သိပ်မဝေးလှတော့ဘူးလို့ ဆရာမ မိုနီကာက ခံယူထားပါတယ်။
“မက်ဆီကို ကျွန်မ တစ်ကြိမ်လောက် ထပ်တွေ့ခွင့်ရချင်နေမိတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မရဲ့ကျန်းမာရေးက ဆိုးသထက် ပိုဆိုးလာနေပြီ။ ကျွန်မ စာတစ်စောင်ရေးပြီး မက်ဆီ,ဆီကို ပို့ထားတယ်။ စာကို သူ ရလိမ့်မယ်လို့လည်း မျှော်လင့်နေမိတယ်။ နောက်ဆုံးအချိန်မတိုင်ခင်မှာ ကျွန်မရဲ့တပည့်ကို ကျွန်မ တစ်ခါလောက် ထွေးဖက်ခွင့်ရချင်တယ်”လို့ ဆရာမ မိုနီကာက သူမရဲ့ခံစားချက်ကို ပြောပြပါတယ်။
ဆရာမ မိုနီကာ ဟာ လာပယ်လ်ဂါစာသင်ကျောင်းမှာ တာဝန်ထမ်းဆောင်ခဲ့သူပါ။ သူမရဲ့အတန်းမှာ မက်ဆီ ကျောင်းလာတက်ပြီး စာသင်ခဲ့တုန်းက ကျောင်းသားကျောင်းသူတွေ စုဖွဲ့ပြီး အမှတ်တရ ရိုက်ကူးထားတဲ့ဓာတ်ပုံကိုလည်း ဆရာမ မိုနီကာက ပြသသွားခဲ့ပါတယ်။ ဆရာမရဲ့ဆန္ဒတွေကို တပည့်ဖြစ်တဲ့မက်ဆီ ကြားသိနိုင်ပါစေလို့လည်း ဆုတောင်းပေးနေမိပါတယ်။