ဒေါ့မွန်အသင်းဟာ သူတို့ရဲ့ကစားသမားဟောင်းဖြစ်ခဲ့ဖူးတဲ့ ဆန်ချို ကို မန်ယူဆီကနေပြီး ၆ လသက်တမ်း အငှားစာချုပ်နဲ့ ပြန်ခေါ်ချင်နေတယ်လို့ သိရပါတယ်။
ဆန်ချိုကို ငှားရမ်းခနဲ့ လုပ်ခလစာ နှစ်ခုပေါင်းပြီး ပေါင် ၃ သန်းပေးမယ်လို့ ဒေါ့မွန်ဘက်က မန်ယူဆီကို ကမ်းလှမ်းမှုတွေရှိနေကြောင်း အားကစားသတင်းရင်းမြစ်တချို့က ရေးသားဖော်ပြနေပါတယ်။
ဆန်ချို ဟာ ၂၀၂၁ ခုနှစ် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်ချိန်မှာ ဒေါ့မွန်ကနေ မန်ယူဆီကို ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၇၃ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။
လက်ရှိမှာတော့ မန်ယူဆီမှာ ဆန်ချိုက ပွဲထွက်ကစားခွင့် မရရှိတော့တဲ့အပြင် နည်းပြ အီရစ်ခ်တန်းဟတ်ဂ်နဲ့ပါ ကတောက်ကဆဖြစ်တာတွေ ရှိခဲ့လို့ အသင်းကြီးနဲ့တောင် လေ့ကျင့်ရေးဆင်းခွင့် မရတော့ပါဘူး။
ဆန်ချိုရဲ့အသင်းဟောင်း ဒေါ့မွန်ဟာ ဆန်ချိုကို ၆ လသက်တမ်း အငှားပြန်ခေါ်နိုင်ဖို့ အရမ်းပဲ လိုလားနေပြီး ရှေ့လာမယ့်သီတင်းပတ်ထဲရောက်ရင် ဆန်ချိုက အသင်းနဲ့လာရောက်ပူးပေါင်းပြီး လေ့ကျင့်ရေးစတင်တာမျိုးကိုတောင် ဒေါ့မွန်ဘက်က ဖြစ်စေချင်နေပြီလို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။