ကမ္ဘာကျော်တေးသံရှင်အဆိုတော် ရှာကီရာရဲ့မွေးရပ်ဇာတိမြို့ကလေးမှာ ရှာကီရာရုပ်တုကြီး ထုလုပ်ပြီး ဂုဏ်ပြုလိုက်ပြီလို့ သိရှိရပါတယ်။
ရှာကီရာရုပ်တုကြီးမှာ အမြင့်ပေ ၂၁ ပေ မြင့်ပြီး ရှာကီရာရဲ့မွေးရပ်ဇာတိ ကိုလံဘီယာနိုင်ငံ၊ ဘာရန်ကွီးလာမြို့မှာ ဒီရုပ်တုကြီး ထုလုပ်ထားရှိလိုက်တာဖြစ်ပါတယ်။
ရှာကီရာရုပ်တုကြီးကို ထုလုပ်ပေးလိုက်တဲ့ အနုပညာရှင်က ယီနို မားကွက်ဇ်ဖြစ်ပြီး ဒီရုပ်တုကြီးကို ရှာကီရာရဲ့နာမည်ကျော်တေးသီချင်း Hips Don’t Lie ထဲက အကဟန်ကို ပုံစံယူပြီး ယီနို မားကွက်ဇ်က ထုလုပ်ခဲ့တာလို့ ဆိုပါတယ်။
ရှာကီရာရဲ့ရုပ်တုကြီးဆီကို သူမရဲ့မိဘတွေလည်း သွားရောက်ကြည့်ရှုခဲ့ပြီး ရှာကီရာကလည်း သူမရဲ့မွေးရပ်မြေမှာ ထုလုပ်ထားရှိလိုက်တဲ့ သူမရဲ့ပုံစံတူ ၂၁ ပေအမြင့်ရှိတဲ့ ရုပ်တုကြီးကို သူမရဲ့အင်စတာဂရမ်လူမှုကွန်ရက်စာမျက်နှာထက်မှာ လွှင့်တင်ဖော်ပြထားပြီဖြစ်ပါတယ်။
အနုပညာရှင် ယီနို မားကွက်ဇ်ကလည်း ကိုလံဘီယာနဲ့ ဘာရန်ကွီးလာမြို့ရဲ့အဖိုးထိုက်ရတနာတစ်ယောက်ကို အခုလို ရုပ်တုထုဆစ် ပုံဖော်ခွင့်ရခဲ့လို့ သူ့အနေနဲ့ ဝမ်းသာမဆုံးဖြစ်ရတယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။