နည်းပြဘဝကနေ အနားယူသွားခဲ့ပြီဖြစ်တဲ့ မန်ယူဂန္ထဝင်နည်းပြကြီး ဖာဂူဆန်ဟာ ခရစ္စမတ်နေ့လည်စာကို တပည့် ၄ ယောက်နဲ့အတူ ပျော်ရွှင်စွာ စားသောက်ခဲ့တယ်လို့ သိရပါတယ်။
ခရစ္စမတ်နေ့လည်စာကို ၉၂ မျိုးဆက် ကစားသမား ၄ ယောက်နဲ့အတူ ဖာဂူဆန်က စားသောက်ခဲ့တာပါ။ အသက် ၈၀ ကျော်အရွယ်ဖြစ်လာပေမယ့် ဖာဂူဆန်က တက်ကြွပျော်ရွှင်နေဆဲဖြစ်တဲ့ ဟန်ပန်အမူအရာနဲ့အတူ ခရစ္စမတ်နေ့လည်စာ စားသောက်ပွဲဆီ ရောက်လာခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာမြို့လယ်ခေါင်မှာ နိုဝင်ဘာလ ၂၇ ရက်နေ့ကမှ စတင်ဖွင့်လှစ်ခဲ့တဲ့ The Ivy စားသောက်ဆိုင်ကြီးမှာ ဆရာ ဖာဂူဆန်နဲ့ တပည့် ၄ ယောက်တို့က ခရစ္စမတ်နေ့လည်စာကို အတူစားသောက်ခဲ့ကြတာပါ။
ဆရာ ဖာဂူဆန်နဲ့အတူ ခရစ္စမတ်နေ့လည်စာ စားသောက်ဖို့ ရောက်လာခဲ့တဲ့ တပည့် ၄ ယောက်ကတော့ ရွိုင်ယန်ဂစ်၊ ပေါလ်စခိုး၊ နစ်ကီဘတ်နဲ့ ဂယ်ရီနဗီးလ်တို့ ဖြစ်ကြပါတယ်။
တပည့် ၄ ယောက်ဟာ ဆရာမရောက်ခင်မှာ စားသောက်ဆိုင်ရှေ့ဆီ ၁၀ မိနစ် စောရောက်အောင် လာခဲ့ကြပြီး ဆရာဖြစ်သူကို တရိုတသေ ရပ်စောင့်ကာ ဆိုင်ထဲကို အတူဝင်ရောက်ပြီး ခရစ္စမတ်နေ့လည်စာကို ပျော်ပျော်ရွှင်ရွှင် စားသောက်ရင်း ဖြတ်သန်းခဲ့ကြပါတယ်။
ဖာဂူဆန်နဲ့ သူ့တပည့် ၄ ယောက်တို့ အတူတကွ ခရစ္စမတ်နေ့လည်စာ စားသောက်ခဲ့တဲ့ The Ivy စားသောက်ဆိုင်ဟာ ဧည့်သည် ၅၃၅ ယောက်အထိ လာရောက်လို့ရနိုင်တဲ့ စားသောက်ဆိုင်ကြီးဖြစ်ပါတယ်။