Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဖာဂူဆန်ရဲ့ဆန္ဒတွေ ပြည့်နိုင်ဖို့ မလွယ်လောက်တော့ဘူး

မန်ယူဂန္ထဝင်နည်းပြကြီး ဖာဂူဆန်ဟာ သူ့ရဲ့ My Autobiography စာအုပ်ထဲမှာ စာသားတစ်ခု ထည့်ရေးခဲ့တယ်။ “ကျွန်တော် ဆာဘော်ဘီ(ဘော်ဘီချာလ်တန်ကို ရည်ညွှန်းခြင်းဖြစ်သည်)ကို အားကျတယ်။ သူ့လို ဖြစ်ခွင့်ရချင်တယ်။ မန်ယူက ဆုဖလားတွေ ကိုင်မြှောက်နေတာ၊ အမှတ်ပေးချန်ပီယံဆုတွေ ကိုင်မြှောက်နေတာကို ကျွန်တော် လက်ခုပ်တီးရင်း ပွဲကြည့်စင်ထက်ကနေ အပြုံးတွေနဲ့ ကြည့်ခွင့်ရချင်တယ်”ဆိုတဲ့ စာသားပါပဲ။

ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ဆာဘော်ဘီ ဟာ ကံကောင်းလွန်းတယ်လို့ ဆိုရပါလိမ့်မယ်။ သူဟာ ဖာဂူဆန် ပြန်လည်တည်ဆောက်ပေးတဲ့ မန်ယူအသစ်ကို မြင်ခွင့်ရခဲ့သလို အဲ့ဒီအသင်းကလည်း ဒိတ်ဒိတ်ကြဲဖြစ်လာခဲ့ပါတယ်။ အသင်းက ဆုဖလားအလီလီနဲ့ အောင်ပွဲခံတိုင်းမှာ ပွဲကြည့်စင်ထက်ကနေ အပျော်မျက်လုံး အပြုံးမျက်နှာနဲ့ လက်ခုပ်တီးရင်း ဖြစ်ထွန်းလာမှုကို ကျေနပ်ပီတိဖြစ်နေခဲ့တဲ့ ဆာဘော်ဘီကို အားလုံး မြင်တွေ့ခဲ့ရမှာပါ။ ဖာဂူဆန်ဟာ ဆာဘော်ဘီအတွက် အဲ့ဒီလိုလုပ်ပေးခဲ့တယ်လို့တောင် ပြောရမလိုပါပဲ။

မန်ယူကို တာဝန်ယူခွင့်ရတဲ့အချိန်မှာ ဖာဂူဆန် ပြောခဲ့တဲ့စကားတစ်ခွန်း ရှိပါတယ်။ “ကျွန်တော့်ရဲ့အကြီးမားဆုံးစိန်ခေါ်မှုက လီဗာပူးကို သူတို့ အခုရောက်နေတဲ့နေရာကနေ မောင်းချပစ်လိုက်ဖို့ပါပဲ”တဲ့။ အဲ့ဒီစကားဟာ အဲ့ဒီအချိန် အဲ့ဒီကာလတုန်းက တကယ့်ကို လူရယ်စရာ ဖြစ်ခဲ့တာပါ။ လီဗာပူးက အမှတ်ပေးချန်ပီယံ ၁၆ ကြိမ် ရထားတဲ့အသင်း၊ မန်ယူဆီမှာ ရဖူးတဲ့ အမှတ်ပေးချန်ပီယံဆုက ၇ ကြိမ်ပဲ ရှိသေးတဲ့အချိန်ပါ။ ဒါပေမဲ့ ဖာဂူဆန်ဟာ ဖြစ်အောင် လုပ်ပြခဲ့ပါတယ်။

သူ အနားယူတဲ့ ၂၀၁၃ ခုနှစ်မှာ မန်ယူက အမှတ်ပေးချန်ပီယံဆု အကြိမ် ၂၀ ရရှိတဲ့အသင်း၊ လီဗာပူးက အမှတ်ပေးချန်ပီယံ ၁၈ ကြိမ်သာ ဖြစ်ဖူးတဲ့အသင်းဆိုတဲ့အနေအထားနဲ့ ဖာဂူဆန်က သူ့စကားကို သူတည်အောင် လုပ်ပြခဲ့ပါတယ်။ “ကျွန်တော် ဆာဘော်ဘီ(ဘော်ဘီချာလ်တန်ကို ရည်ညွှန်းခြင်းဖြစ်သည်)ကို အားကျတယ်။ သူ့လို ဖြစ်ခွင့်ရချင်တယ်။ မန်ယူက ဆုဖလားတွေ ကိုင်မြှောက်နေတာ၊ အမှတ်ပေးချန်ပီယံဆုတွေ ကိုင်မြှောက်နေတာကို ကျွန်တော် လက်ခုပ်တီးရင်း ပွဲကြည့်စင်ထက်ကနေ အပြုံးတွေနဲ့ ကြည့်ခွင့်ရချင်တယ်”ဆိုတဲ့ ဖာဂူဆန်ရဲ့ဆန္ဒဟာ ပြည့်ဝခွင့် ရနိုင်ပါ့မလား။ အခုအတိုင်းသာ ဆိုရင်တော့ ဖာဂူဆန်ရဲ့ဆန္ဒပြည့်ဝခွင့်က ရွှေပြည်တော်လည် မျှော်နေလည်းဝေး၊ ဓူဝံကြယ်စင် မြင်နေလည်းဝေးတွေသာ ဖြစ်နေဖို့ ရှိပါတော့တယ်။