ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ မှာ လီဗာပူးနဲ့ မန်ယူတို့ ထိပ်တိုက်ဆုံနေပါတယ်။ လီဗာပူးအသင်းပိုင် အန်ဖီးလ်ဘောလုံးကွင်းကြီးဆီကို သွားရောက်ပြီး မန်ယူက ဒီပွဲကို ကစားရမှာပါ။ ဖိအားတွေအောက်ကို ရောက်နေတဲ့ မန်ယူအတွက် ဒီပွဲမှာလည်း ကံဆိုးမ သွားလေရာ မိုးလိုက်ရွာနေတဲ့အချက်တွေရှိလို့နေပါတယ်။
မန်ယူဟာ လီဗာပူးကို ရင်ဆိုင်ဖို့အတွက် အန်ဖီးလ်ကွင်းကြီးဆီကို နောက်ဆုံး ၁၀ ကြိမ် လာခဲ့တာမှာ သွင်းဂိုးဆိုလို့ ၂ ဂိုးပဲ ရခဲ့ဖူးပါတယ်။ လီဗာပူးက အဲ့ဒီ ၁၀ ပွဲမှာ မန်ယူဘက်ကို ၃၆ ဂိုးအထိ သွင်းခဲ့တာပါ။
ပိုပြီးဆိုးဖို့ရှိတာက ဒီပွဲကို တာဝန်ယူမယ့် ဒိုင်လူကြီးက မိုက်ကယ် အိုလီဗာ ဖြစ်နေတဲ့အချက်ပါပဲ။ မိုက်ကယ် အိုလီဗာ ဟာ မန်ယူရဲ့ပွဲစဉ်တွေကို တာဝန်ယူခွင့်ရရှိချိန်မှာ ပြိုင်ဘက် ၃ သင်းကို ပင်နယ်တီချီးမြှင့်ခဲ့ဖူးပါတယ်။
၂၀၁၇-၁၈ ဘောလုံးရာသီနောက်ပိုင်းမှာ အန်ဖီးလ်ကွင်းကြီးထဲ မန်ယူသွင်းနိုင်တဲ့ဂိုးက တစ်ဂိုးတည်းသာ ရှိပါတော့တယ်။ အချက်အလက်တွေကတော့ ဒီပွဲရဲ့ဖြစ်နိုင်ခြေ လာရာနဲ့ လားရာကို ညွှန်ပြနေသလိုပါပဲ။ သခင်ကြီး ငွေပုရဲ့လေသံနဲ့ပြောရရင် ဒေတာတွေကတော့ စိတ်…စိတ်…စိတ်တောင် မကောင်းဘူး မန်ယူရေလို့ တီးတိုးပြောသလို ရှိလို့နေပါတယ်။