၂၀၂၅၊ဇန်နဝါရီလ၊၇ရက်
၂၀၂၄ခုနှစ်အတွင်း မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်များကြားက လက်နက်ကိုင် ပဋိပက္ခများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာခဲ့ရသူ ဦးရေဟာ ၃ ဒသမ ၅ သန်းကျော်ရှိနေပြီဖြစ်ကြောင်း United Nations OCHA Myanmar က ထုတ်ပြန်လိုက်ပါတယ်။
ဒါ့အပြင် လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားရာ ဒေသက ဒေသခံတွေဟာ ကာကွယ်စောင့်ရှောက်ဖို့လိုအပ်တဲ့ အန္တရာယ်တွေ၊စားနပ်ရိက္ခာ မလုံလောက်မှုတွေ၊မရှိမဖြစ်ပြည်သူ့ဝန်ဆောင်မှုစနစ်တွေ ပြိုလဲလုနီးပါးဖြစ်နေတဲ့ အခြေအနေတွေ၊စီးပွားရေးမတည်ငြိမ်မှုကြောင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေကို ဆုံးရှုံးနေရတာတွေလို အဖက်ဖက်က ထိခိုက်ဆုံးရှုံးမှုတွေဖြစ်နေတယ်လို့ ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။
လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေက ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ လူဦးရေ ၃ သန်းခန့်ကို အကူအညီပေးနိုင်ခဲ့ပြီး နှစ်ကုန်ကာလမှာ လူဦးရေ ၃ ဒသမ ၉ သန်းခန့်ကို အကူအညီပေးနိုင်ခဲ့တာမျိုးရှိပေမယ့် သွားလာခွင့် ကန့်သတ်မှုများ၊ ထောက်ပံ့ပို့ဆောင်မှု၊ ရန်ပုံငွေရရှိမှု နဲ့ လုံခြုံရေး အခြေအနေတွေကြောင့် အခက်အခဲတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များဟာ ဆယ်စုနှစ်တစ်ခုအတွင်း အဆိုးဝါးဆုံးအခြေအနေဖြစ်နေသလို United Nations OCHA Myanmarက ၂၀၂၅ ခုနှစ်မှာ လူဦးရေ ၁၉ ဒသမ ၉ သန်းခန့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေ ရှိလာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။