မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်ထဲက ဘူမိနယ်မြေ ၁၅ နေရာပါဝင်တဲ့ ဧရိယာအကျယ်အဝန်း ၅၂၃၁၇ ဒဿမ ၈၅ ဧက ရှိနယ်မြေကို ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ်အဖြစ် သတ်မှတ်လိုက်တယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အသိပေးလိုက်ပါတယ်။
ဘူမိရုပ်သွင်ထူးခြားတဲ့နယ်မြေတွေကို ထိန်းသိမ်းဖို့၊ ဇီဝမျိုးစုံမျိုးကွဲတွေနဲ့ ဂေဟစနစ်တွေ တည်တံ့စေဖို့၊ တောရိုင်းတိရစ္ဆာန်တွေနဲ့ သဘာဝအပင်တွေရဲ့ နေရင်းဒေသတွေကို ကာကွယ်ထိန်းသိမ်းဖို့၊ သဘာဝအမွေအနှစ်တွေအပြင် သမိုင်းကြောင်းနဲ့ ရှေးဟောင်းအမွေအနှစ်တွေကို ထိန်းသိမ်းဖို့ရည်ရွယ်ပြီး ဘူမိဥယျာဉ်အဖြစ် သတ်မှတ်ဖွဲ့စည်းတာဖြစ်တယ်လို့ အသိပေးထားပါတယ်။
ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ်လို့ သတ်မှတ်လိုက်တဲ့အတွက် ပုပ္ပားဒေသဆီကထူးခြားတဲ့ဘူမိရုပ်သွင်နဲ့ ကမ္ဘာ့အဆင့် ဘူမိဗေဒဆိုင်ရာ ဖြစ်တည်မှုတွေ၊ မီးတောင်ဖြစ်စဉ်တွေနဲ့ ဘူမိဗေဒဆိုင်ရာ အမွေအနှစ်တွေကို ထိန်းသိမ်းနိုင်တာ၊ ထူးခြားတဲ့ ဘူမိရုပ်သွင်နဲ့ ရှေးဟောင်းအမွေအနှစ်တွေကို ထိန်းသိမ်းနိုင်တာ၊ ဘူမိခရီးသွားလုပ်ငန်းနဲ့ စဉ်ဆက်မပြတ်ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို အထောက်အကူပြုနိုင်တာ၊ ဂေဟစနစ်တွေ တည်တံ့စေတာ၊ ဇီဝမျိုးစုံမျိုးကွဲနဲ့ သစ်တောသယံဇာတတွေကို စနစ်တကျ ထိရောက်စွာ စီမံအုပ်ချုပ်နိုင်တာ စတဲ့ အကျိုးကျေးဇူးတွေ ရရှိမှာဖြစ်တယ်လို့လည်း အဲဒီ ကြေညာချက်မှာ ထည့်သွင်းရေးသားထားပါတယ်။