၂၀၂၄၊အောက်တိုဘာလ၊၃၀ရက်
ဥရောပသမဂ္ဂက နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မှူး မုတ်သုန်၊ ဗိုလ်မှူးတင်ဝင်းနှင့် ချစ်လင်းမြိုင်ကုမ္ပဏီတို့ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်တယ်လို့ အောက်တိုဘာလ ၂၉ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မှူး မုတ်သုန်၊ ဗိုလ်မှူးတင်ဝင်းနှင့် ချစ်လင်းမြိုင်ကုမ္ပဏီတို့ဟာ အွန်လိုင်းငွေလိမ်လည်မှု၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု အပါအဝင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နေတာကြောင့် ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူလိုက်တာဖြစ်ပါတယ်။
ဥရောပသမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံထဲက လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ခြိမ်းခြောက်နေသည့် အွန်လိုင်းလိမ်လည်မှုတွေကို ကိုင်တွယ်ဖြေရှင်းရမဲ့ သန္နိဋ္ဌာန်ကို ပြသတဲ့အနေနဲ့ အရေးယူမှုတွေကိုဆောင်ရွက်တာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ ဥရောပသမဂ္ဂက မြန်မာနိုင်ငံက လူပုဂ္ဂိုလ် ၁၀၆ ဦးနှင့် အဖွဲ့အစည်း ၂၂ ခုတို့ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူထားပြီး EU သို့ ခရီးသွားလာခွင့် ပိတ်ပင်ထားတယ်လို့ထုတ်ပြန်ထားပါတယ်။