မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဟာ နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ခိုင်မာစေဖို့အတွက် နိုင်ငံခြားငွေလဲကောင်တာများကို ရှောင်တခင် ကွင်းဆင်းစစ်ဆေးနေတယ်လို့ သိရှိရပါတယ်။
ရွှေနဲ့ ငွေကြေးဈေးကွက် စောင့်ကြည့်၊ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီက ဦးဆောင်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေပါဝင်တဲ့ပူးပေါင်းအဖွဲ့ဟာ မတ်လ ၆ ရက်နဲ့ မတ်လ ၈ ရက်နေ့တွေမှာ ရန်ကုန်မြို့က နိုင်ငံခြားငွေတွေ ဝယ်ယူရောင်းချ လဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူတွေကို ကွင်းဆင်း စစ်ဆေးခဲ့ပြီး နိုင်ငံခြားငွေတွေ ဝယ်ယူရောင်းချလဲလှယ်ရေးလုပ်ငန်းလိုင်စင်ရရှိသူ ၄ ယောက်ဟာ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပါ လိုက်နာဆောင်ရွက်မယ့်အချက်တွေကို လိုက်ပါ ဆောင်ရွက်ခြင်းမရှိခဲ့လို့ လုပ်ငန်း ၃ လ ရပ်ဆိုင်းလိုက်ကြောင်း သတင်းကြားသိရပါတယ်။
နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပါ လိုက်နာဆောင်ရွက်မည့်အချက်တွေကို လိုက်နာဆောင်ရွက်ခြင်းမရှိခဲ့တဲ့ လုပ်ငန်းလိုင်စင်ရရှိထားသူတွေဟာ (က) Thura Nay Tun (Fame Money Changer)၊ (ခ) Lead Star Money Changer၊ (ဂ) Steber Group Money Changer၊ (ဃ) Asia Shwe Thee Money Changerတို့ဖြစ်ကြောင်း သိရှိရပါတယ်။