Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အိုဒီဂတ်ဒ်ရဲ့လက်ထိဘောဟာ ပင်နယ်တီ ပေးရမယ်လို့ အာဆင်နယ်နောက်ခံလူကိုယ်တိုင် ဝန်ခံ

လန်ဒန်၊ ဒီဇင်ဘာ ၂၄

လီဗာပူးနဲ့ အာဆင်နယ်တို့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ်ဒ် ဖြစ်ပျက်ခဲ့တဲ့ လက်ထိဘောဖြစ်စဉ်ဟာ လီဗာပူးအတွက် ပင်နယ်တီ ရထိုက်တဲ့ဖြစ်စဉ်လို့ အာဆင်နယ်နောက်ခံလူ ဆလီဘား က ဖွင့်ဟဝန်ခံလိုက်ပါတယ်။

လီဗာပူးကစားသမားတွေဟာ အိုဒီဂတ်ဒ် လက်ထိတဲ့ဖြစ်စဉ်ကို ပင်နယ်တီ သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ကြပေမယ့် ကွင်းလယ်ဒိုင်လူကြီး ကီဗင် ကာဗာနာက လက်ဝှေ့ယမ်းပြကာ ပယ်ဖျက်ပစ်ခဲ့ပြီး VAR ဘက်မှာတာဝန်ကျခဲ့တဲ့ ဒိုင်လူကြီး ဒေးဗစ်ကူးတီကလည်း ဖြစ်စဉ်ကို VAR နဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ဖို့ ညွှန်ကြားချက်ပေးတာမျိုး မရှိခဲ့ဘဲ ပျက်ကွက်ခဲ့ပါတယ်။

ပွဲအပြီးမှာ ဆလီဘား က Viaplay နဲ့ အင်တာဗျူးဖြေကြားခဲ့စဉ်အခိုက် “အိုဒီဂတ်ဒ် လက်ထိတာက ပင်နယ်တီပေးရမယ်ဆိုတာ သေချာပါတယ်။ ဒါပေမဲ့ ကျွန်တော်က ဒိုင်လူကြီး မဟုတ်ဘူးလေ။ ဒီတော့ ဒိုင်လူကြီး ဆုံးဖြတ်တာကို သူတို့ လက်ခံရမှာပါပဲ”လို့ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

ရုပ်သံအစီအစဉ်တင်ဆက်သူအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ လီဗာပူးနောက်ခံလူဟောင်း ကာရေဂါကလည်း VAR ရဲ့ ပျက်ကွက်မှုတွေဟာ အရမ်းပဲ စိတ်ပျက်စရာကောင်းကြောင်း ထုတ်ဖော်ဝေဖန်သွားခဲ့ပါတယ်။