ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က သူတို့အနေနဲ့ အာဆင်နယ်ဘက်ကို အခုထက်ပိုပြီး ဂိုးတွေ သွင်းနိုင်ခဲ့သင့်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဝက်စ်ဟမ်းဟာ အာဆင်နယ်ကို အာဆင်နယ်ရဲ့အိမ်ကွင်းဖြစ်တဲ့ အမ်းမရိတ်စ်မှာ နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာပါ။
ဒါဟာ နည်းပြ ဒေးဗစ်မိုယက်စ်အတွက်လည်း သူ့ရဲ့နည်းပြဘဝဖြတ်သန်းမှုတလျှောက် အာဆင်နယ်ရဲ့အိမ်ကွင်းမှာ ပထမဆုံးနိုင်ပွဲ ရှာဖွေတွေ့ရှိခြင်းအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။
အာဆင်နယ်ရဲ့တိုက်စစ်ဟာ ဂိုးသွင်းဖို့ အခွင့်အရေး မရလောက်တဲ့အထိအောင် ဝက်စ်ဟမ်းခံစစ်က ကောင်းလွန်းခဲ့တယ်လို့လည်း နည်းပြ ဒေးဗစ်မိုယက်စ်က သူ့အသင်းရဲ့ခံစစ်စွမ်းဆောင်ရည်ကို ချီးမွမ်းခန်းဖွင့်သွားခဲ့ပါသေးတယ်။
“ကျွန်တော့်အသင်းဟာ အာဆင်နယ်ဘက်ကို အခုထက်ပိုပြီးတော့တောင် ဂိုးတွေသွင်းနိုင်ခဲ့သင့်တယ်လို့ ကျွန်တော် ထင်မိတယ်ဗျာ။ အာဆင်နယ်တိုက်စစ်ဟာ ဒီပွဲမှာ ဂိုးသွင်းဖို့အတွက် အခွင့်အရေး လုံးဝကို မရခဲ့ပါဘူး။ ကျွန်တော့်အသင်းရဲ့ခံစစ်က ဒီပွဲမှာ လုံးဝကို ပြီးပြည့်စုံတဲ့အဆင့်ဖြစ်နေခဲ့တယ်”လို့ နည်းပြ ဒေးဗစ်မိုယက်စ်က အသိပေးသွားခဲ့ပါတယ်။