—————————————————————————
၂၀၂၄ခုနှစ်၊အောက်တိုဘာလ၊(၂၅)ရက်
ရွှေထီး၊နေကြာပန်း၊ပျော်စံရာစတဲ့အမျိုးသားအားတိုးဆေး၊အကြောသန်ဆေး(၃)မျိုးဟာ တိုင်းရင်းဆေးမှတ်ပုံတင်နဲ့လိုင်စင်မရရှိထားတဲ့အတွက်ဆေးဝါးစစ်မှန်အစွမ်းထက်မှုကို အာမခံချက်မပေးနိုင်လို့ အများပြည်သူအသုံးမပြုသင့်ဘူးလို့ ကျန်းမာရေးဝန်ကြီးဌာန မှထုတ်ပြန်လိုက်ပါတယ်။
ရွှေထီးအမှတ်တံဆိပ်နဲ့နေကြာပန်းအမှတ်တံဆိပ်ဆေးဝါးနှစ်မျိုးဟာတိုင်းရင်းဆေးမှတ်ပုံတင်နဲ့ တိုင်းရင်းဆေးလိုင်စင်ရရှိထားမှုမရှိသလို ပျော်စံရာအမှတ်တံဆိပ်ဆေးဝါးဟာလည်းအခြားဆေးရဲ့ မှတ်ပုံတင်အမှတ်ကိုထည့်သွင်းထားတာဖြစ်ပြီး တိုင်းရင်းဆေးမှတ်ပုံတင်နဲ့ တိုင်းရင်းဆေးလိုင်စင်ရရှိထားမှုမရှိတဲ့ အတွက်အာမခံချက်မပေးနိုင်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
မှတ်ပုံမတင်ထားတဲ့တိုင်းရင်းဆေးတွေ၊ဆေးဝါးအတုတွေ၊စံမညီတိုင်းရင်းဆေးတွေ၊အများပြည်သူသုံးစွဲရန်မသင့်လို့ ကြေညာထားတဲ့တိုင်းရင်းဆေးတွေတင်သွင်းရောင်းချဖြန့်ဖြူးပါကတိုင်းရင်းဆေးဥပဒေအရအရေးယူသွားမယ် အသိပေးထားပါတယ်။