ဝက်စ်ဟမ်း ၀ – ၆ အာဆင်နယ်
ဆင်ပျံကြီးလို့ခေါ်နေကြတဲ့ ညီလေးအာဆင်နယ်ကတော့ ဒီညမှာလည်း ခြေစွာခဲ့ပြန်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က အစ်ကိုကြီးမန်ယူကနေ ဝက်စ်ဟမ်းကို ဂိုးပြတ်ကန်ပြလိုက်တာတွေကို အတုယူထားသလားလို့တောင် ထင်မှတ်ချင်စရာပါပဲ။ အစ်ကိုကြီးမန်ယူကို အားကျပြီး ဂိုးတွေကို အစ်ကိုကြီးထက်တောင် နှစ်ဆသွင်းပြကာ အာဆင်နယ်က ပန်းပန်သွားခဲ့တာပါ။ ပထမပိုင်းအပြီးမှာတင် အာဆင်နယ်က လေးဂိုး ဂိုးမရှိနဲ့နိုင်နေလို့ ဝက်စ်ဟမ်းပရိသတ်တွေလည်း ပွဲကြည့်ခုံကနေ ထပြန်ကာ အိမ်ကိုစောစောပြန်ခွင့်ရသွားခဲ့ကြပါတယ်။ မန်ယူနည်းပြဟောင်း ဒေးဗစ်မိုယက်စ် တာဝန်ယူထားတဲ့ ဝက်စ်ဟမ်းဟာ ပထမအကျော့တုန်းက အနိုင်ယူခဲ့သမျှကို အတိုးချပြီး ပြန်ပေးလိုက်ရသလားလို့တောင် ထင်ရပါတယ်။ ဒေးဗစ်မိုယက်စ်ဟာ အသင်းဟောင်း မန်ယူနဲ့တွေ့တော့လည်း ရှုံး၊ လန်ဒန်မြို့ခံပြိုင်ဘက် အာဆင်နယ်နဲ့တွေ့တော့လည်း ရှုံးပြီး နှစ်ပွဲဆက် ဂိုးပေါက်ပျောက်ကာ နှစ်ပွဲဆက်အရှုံးကို ရင်ဝယ်ပိုက်လိုက်ရပါတယ်။
ပထမပိုင်းတင်ပဲလားဆိုတော့ မဟုတ်ရပါဘူး။ ဒုတိယပိုင်းကိုရောက်တော့လည်း အာဆင်နယ်က မညှာစတမ်း ဂိုးတွေ ထပ်သွင်းခဲ့ပြန်ပါတယ်။ ပွဲအပြီးမှာတော့ ဝက်စ်ဟမ်းဟာ ဂိုးဒါဇင်ဝက်အထိ အသွင်းခံရပြီး ခြောက်ဂိုးပြတ် ရှုံးနိမ့်တဲ့ဘဝကို ရောက်ရှိသွားရပါလေတော့တယ်။ အစ်ကိုကြီးမန်ယူက သုံးဂိုးပဲ သွင်းပြခဲ့တဲ့အသင်းကို ညီလေးအာဆင်နယ်က အစ်ကိုထက်ညီက လက်စောင်းထက်တဲ့သဘောနဲ့ ဂိုးနှစ်ဆ သွင်းပြလိုက်တဲ့ပွဲပါပဲ။ အာဆင်နယ်အတွက်ဂိုးတွေကို ဆလီဘား (၃၂ မိနစ်)၊ ဆာကာ(၄၁ မိနစ်-ပင်၊ ၆၃ မိနစ်)၊ ဂါဘရီရယ်လ်(၄၄ မိနစ်)၊ ထရော့စ်ဆတ်ဒ်(၄၅+၂ မိနစ်)နဲ့ ဒက်ကလန်ရိုက်စ်(၆၅ မိနစ်)တို့က သွင်းယူပေးသွားခဲ့တာပါ။ အာဆင်နယ်ဟာ နိုင်ပွဲတွေ ပြန်ဆက်လာလို့ ချန်ပီယံပြေးလမ်းထဲမှာ ချန်ပီယံအိပ်မက်ကို ဆက်မက်ခွင့် ရနေဆဲပဲဖြစ်ပါတယ်။