အင်ဒိုနီးရှားနိုင်ငံမှာ ဘောလုံးချစ်ကြည်ရေးခြေစမ်းပွဲတစ်ခု ယှဉ်ပြိုင်ကစားနေတုန်း မိုးကြိုးပစ်တဲ့အတွက် ဘောလုံးသမားတစ်ယောက် ဘောလုံးကွင်းထဲ ပုံလျက်သားလဲကျသွားခဲ့ပြီး ဆေးရုံဆီရောက်ရှိအပြီးမှာ ေ..–သဆုံးသွားခဲ့ပါတယ်။
ရုပ်သံမှတ်တမ်းတွေကို ပြန်လည်ကြည့်ရှုခွင့်ရချိန်မှာ အဖြစ်အပျက်က တကယ့်ကို ထိတ်လန့်စရာကောင်းလွန်းနေတာကို မြင်တွေ့ခဲ့ရပါတယ်။ ဘောလုံးသမားက ဘောလုံးကွင်းထဲမှာ ဘောလုံးကစားရင်း နေရာယူဖို့ ရွေ့လျားနေစဉ်မှာ မီးအလင်းတန်းတစ်ခု “ဝုန်း”ခနဲ ထိုးကျရောက်ရှိလာပြီး မိုးကြိုးထိမှန်တဲ့ကစားသမားဟာ နေရာမှာတင် ပုံလျက်သား လဲကျသွားခဲ့တာဖြစ်ပါတယ်။
နှစ်ဖက်အသင်းဘောလုံးသမားတွေဟာ မိုးကြိုးပစ်ခံလိုက်ရတဲ့ကစားသမားကို အနီးဆုံးမှာရှိတဲ့ ဆာရင်းနင်းဆားဆေးရုံဆီ တင်ပို့ပေးခဲ့ပေမယ့် ဆေးရုံဆီရောက်ပြီးတဲ့နောက်မှာတော့ အဲ့ဒီကစားသမားက ကွယ်လွန်သွားခဲ့ပါတယ်။
မိုးကြိုးပစ်ခံလိုက်ရပြီး ဘောလုံးကွင်းထဲမှာ ပုံလျက်သား လဲကျသွားတုန်းက ဒီကစားသမားဟာ အသက်ရှူနေသေးတယ်လို့ နှစ်ဖက်အသင်းဘောလုံးသမားတွေက အသိပေးခဲ့ကြပါတယ်။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ချစ်ကြည်ရေးဘောလုံးပွဲမှာ ဒီဖြစ်စဉ် ဖြစ်ပွားခဲ့တာပါ။
အနောက်ဂျာဗားပြည်နယ်မှာရှိတဲ့ ဘန်ဒေါင်းမြို့ဆီက ဆီလီဝမ်ဂျီဘောလုံးကွင်းထဲမှာကန်ခဲ့တဲ့ ဘောလုံးပွဲမှာ အခုဖြစ်စဉ် ဖြစ်ပွားသွားခဲ့တာဖြစ်ပါတယ်။ အက်ဖ်စီဘန်ဒေါင်းနဲ့ အက်ဖ်ဘီအိုင်ဆူဘန်းတို့ ကန်ခဲ့တဲ့ပွဲမှာ အက်ဖ်ဘီအိုင်ဆူဘန်းအသင်းဘက်က ကစားသမားကို မိုးကြိုးပစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ကွယ်လွန်သွားခဲ့တဲ့ဘောလုံးသမားဟာ အသက် ၃၅ နှစ်အရွယ်ရှိပြီး နာမည်က ဆက်ပ်တိန်း ရာဟာဂျာလို့ ခေါ်ကြောင်း လတ်တလောသတင်းထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။