Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

သံတွဲမြို့ဆီပို့မယ့် Diaper(ဒိုင်ပါ)တွေကို လေယာဉ်တွေက တင်ဆောင်ခွင့် မပြုတော့လို့ အခက်ကြုံ

ရခိုင်ပြည်နယ်၊ သံတွဲမြို့ဆီကို တင်ပို့မယ့် Diaper(ဒိုင်ပါ)တွေကို လေယာဉ်တွေက တင်ပို့ခွင့်မပြုတော့ဘဲ သယ်ဆောင်မပေးတော့လို့ ပစ္စည်းပြတ်လပ်မှုဖြစ်ပေါ်ကာ အခက်ကြုံမှာကို စိုးရိမ်နေရပြီလို့ မြို့ခံတစ်ယောက်က ပြောပြပါတယ်။

အစောပိုင်းတုန်းက Diaper(ဒိုင်ပါ)တင်ပို့တာကို လေဆိပ်တွေက လက်သင့်ခံပေးခဲ့ပေမယ့် အခုအချိန်မှာတော့ ကုန်စည်ရဲ့နေရာယူမှု၊ အလေးချိန်ပမာဏက သူတို့အတွက် ဝင်ငွေပိုင်းဆိုင်ရာ မကိုက်မှုတွေကြောင့် လက်မခံပေးတော့တာဖြစ်နိုင်တယ်လို့ အဲ့ဒီမြို့ခံက ဆက်လက် မှတ်ချက်ပေးပါတယ်။

လက်ရှိမှာ တခြားသောကုန်စည်တွေကို လေဆိပ်ဘက်က စစ်ဆေးပြီး လေယာဉ်နဲ့တင်ဆောင်တာကို ခွင့်ပြုလက်ခံပေးထားပေမယ့် အဲ့ဒီအထဲမှာ Diaper(ဒိုင်ပါ)တော့ မပါတော့ဘူးလို့ သိရှိရပါတယ်။

“အရင်တုန်းကလို လုပ်ရတော့မှာပေါ့။ ပုဆိုးတွေ ဆုတ်ဖြဲ၊ အဝတ်စတွေ ဆုတ်ဖြဲပြီး အနှီးတွေ လုပ်ရတော့မှာပေါ့”လို့ သံတွဲမြို့နေ ကိုရဲကျော်ဦးက အရွှန်းဖောက် ပြောကြားပါတယ်။

လက်ရှိမှာ ကားလမ်းဆက်သွယ်ရေးဆိုင်ရာလမ်းကြောင်းတွေကို သွားလာခွင့်မပေးတော့တဲ့အတွက် သံတွဲမြို့မှာ ကုန်စည်ပြတ်လပ်မှု၊ ကုန်စည်စီးဆင်းမှု အခက်အခဲရှိနေပြီး ကုန်ဈေးနှုန်းတွေကလည်း မြင့်တက်နေတယ်လို့ ဆိုပါတယ်။

“Diaper(ဒိုင်ပါ)က ကုန်စည်ပိုင်းဆိုင်ရာမှာ ဝန်ပေါ့တယ်လေ။ အလေးချိန် မစီးဘူးပေါ့။ ဒီတော့ တစ်ကီလိုဂရမ်ပြည့်ဖို့ အထုပ်အများကြီးကို နေရာပေးရတယ်လေ။ ဈေးအရ တွက်ခြေမကိုက်လို့ လေယာဉ်တွေက သယ်မပေးတော့တာ ထင်တယ်။ ကျန်တဲ့ကုန်စည်ကျတော့ တစ်ပုံးတည်းနဲ့တင် တစ်ကီလိုဂရမ်လောက်ဖြစ်တော့ သူတို့အတွက် အဆင်ပြေတယ်လေ။ သေချာတာတော့ သံတွဲမှာ Diaper(ဒိုင်ပါ) ပေါပေါများများ ဝယ်ထားနိုင်ဖို့တောင် ခက်သွားပြီဗျ”လို့ သံတွဲမြို့ခံတစ်ယောက်က ပြောပြပါတယ်။