Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

သတင်းဓာတ်ပုံကြောင့် လူသိများခဲ့တဲ့ အသက် ၁၁၈ နှစ်အရွယ် ကချင်စစ်ရှောင်အဘွား ကွယ်လွန်

မြေးဖြစ်သူကနေ အဘွားကို ကုန်းပိုးပြီးထွက်ပြေးနေတဲ့ သတင်းဓာတ်ပုံကြောင့် လူသိများသွားခဲ့တဲ့ အင်ဂျန်းယန်မြို့နယ်က စစ်ရှောင်အဘွားဟာဇန်နဝါရီလ ၂၀ ရက် ည ၁၁နာရီခွဲအချိန်က ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။

အဘွားဟာ အခုနှစ် နှစ်ဆန်းပိုင်းကစလို့ ကျန်းမာရေးဆိုးဝါးလာခဲ့ပြီး လူကြီးရောဂါနဲ့ပဲ စစ်ရှောင်နေတဲ့ မြစ်ကြီးနားမြို့ ပလန စိန့်ဂျိုးဇက် စစ်ရှောင်စခန်း(၂)မှာ ကွယ်လွန်သွားခဲ့တာဖြစ်တယ်လို့ သတင်းကြားသိရပါတယ်။

စစ်ရှောင်အဘွားကို ဒီကနေ့ ဇန်နဝါရီလ ၂၂ ရက် နေ့လယ် ၁ နာရီအချိန်မှာ ဝတ်ပြုဆုတောင်းမှုတွေ ဆောင်ရွက်ပြီး ရာဒါကောင်းသုဿာန်မှာ သင်္ဂြိုဟ်သွားမယ်လို့ သိရှိရပါတယ်။

စစ်ရှောင်အဘွားရဲ့နာမည်က ဆွတ်နခေါန်ဘူ ဖြစ်ပြီး ကွယ်လွန်ချိန်မှာအသက် ၁၁၈ နှစ်အရွယ် ရှိနေပြီဖြစ်ပါတယ်။

မိသားစုဝင်တွေကို စစ်ရှောင်စခန်းမှာ ခေါင်းမချလိုဘဲ နေရပ်ဒေသဆီပြန်ပြီးတော့သာ ခေါင်းချချင်ကြောင်း အမြဲပြောခဲ့တဲ့အဘွားဟာ စစ်ရှောင်ဘဝနဲ့ပဲ ကွယ်လွန်သွားခဲ့ရတာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် ဧပြီလ ၂၆ ရက်နေ့က အင်ဂျန်းယန်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပဆစ်ဆွပ်ကျေးရွာဒေသခံဖြစ်တဲ့ အဘွားနဲ့ မိသားစုဝင်တွေက မြစ်ကြီးနားမြို့ဆီကို စစ်ရှောင်လာခဲ့ကြရတာဖြစ်ပါတယ်။