၂၀၂၄၊နိုဝင်ဘာလ၊၉ရက်
လွတ်ငြိမ်းချမ်းသာခွင့်ရထားတဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဟောင်း ဦးဝင်းခိုင်ဟာ မန္တလေးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၊(၁၀)ထပ်ဆောင်၊ (၆)လွှာရှိ၊ အထူးကြပ်မတ်ကုသဆောင် (ICU)မှာ ဆေးကုသမှုခံရင်း နိုဝင်ဘာလ ၈ ရက် ည ၁၀ နာရီမှာ ကွယ်လွန်သွားခဲ့တယ်လို့ နစကဘက်က အတည်ပြုလိုက်ပါတယ်။
အသက်၇၄နှစ်အရွှယ် ဦးဝင်းခိုင်ဟာ နိုင်ငံ့ဘဏ္ဍာငွေ ကျပ် ၆ ဘီလီယံခန့် နစ်နာမှုကြောင့် အဂတိလိုက်စားမှုစွဲချက်နဲ့ အိုးဘိုထောင်မှာ ထောင်ဒဏ် ၂၈ နှစ် ကျခံနေရပြီး ၂၀၂၄ အောက်တိုဘာ၂၉ရက်က လွတ်ငြိမ်းသက်သာခွင့်ပေးခံထားရတာဖြစ်ပါတယ်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဟောင်း ဦးဝင်းခိုင်ရဲ့နာရေးကို နိုဝင်ဘာလ ၉ ရက် ဒီနေ့ မနက် ၁၁ နာရီမှာ ဆေးရုံကြီးရေခဲတိုက်ကနေ ကြာနီကန်သုဿာန်ကို ပို့ဆောင်သင်္ဂြိုလ်မယ်လို့သိရပါတယ်။
ဦးဝင်းခိုင်ဟာ ပြီးခဲ့တဲ့အစိုးရလက်ထက်က ဆောက်လုပ်ရေးဝန်ကြီးအဖြစ် စတင် ခန့်အပ်ခံရသူဖြစ်ပြီး အဲ့ဒီကနေတစ်ဆင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခံရသူဖြစ်ပါတယ်။ဒါ့အပြင် ဦးဝင်ခိုင်ဟာ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။