တချို့သောမြို့နယ်တွေမှာ လုံခြုံရေးအရ ပါတီလှုပ်ရှားမှုတွေ ဆောင်ရွက်ဖို့ အခက်အခဲတွေ ရှိနေပေမယ့် ပါတီတွေအနေနဲ့ ပါတီအလိုက် ကိုယ်လုပ်နိုင်တဲ့အခြေအနေမှာရှိတဲ့ ဒေသတွေမှာ ပါတီလှုပ်ရှားမှုတွေကို ဆောင်ရွက်ပြီး ပြည်သူလူထုနဲ့ အဆက်မပြတ် ထိတွေ့ဆောင်ရွက်နေဖို့ လိုတယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှတ်ပုံတင်ခွင့်ပြုထားပြီးတဲ့ နိုင်ငံရေးပါတီတွေကတာဝန်ရှိသူများနဲ့ ဒုတိယအကြိမ် တွေ့ဆုံစဥ်မှာ ပြောကြားသွားခဲ့ပါတယ်။
ပါတီဖွဲ့စည်းထားတဲ့ မြို့နယ်တွေ၊ ဖွဲ့စည်းဖို့ရည်ရွယ်ထားတဲ့မြို့နယ်တွေမှာ အရှိန်အဟုန်နဲ့ လှုပ်ရှားမှုတွေ ဆောင်ရွက်သွားဖို့ လိုကြောင်း၊ ပါတီနိုင်ငံရေးဆိုတာဟာ ကိုယ့်ပါတီရဲ့မူဝါဒတွေကို အများပြည်သူက လက်ခံလာအောင်၊ ပါတီဝင်တွေဖြစ်လာအောင် လုပ်ဆောင်တာဖြစ်ပြီး ပါတီနိုင်ငံရေးကနေတစ်ဆင့် နိုင်ငံ့အရေးကို ဖော်ဆောင်ရတာဖြစ်ကြောင်း ရှင်းလင်းပြောကြားသွားခဲ့တယ်လို့ သိရှိရပါတယ်။
နိုင်ငံ့အရေးသည် ပထမ၊ ပါတီအရေးသည် ဒုတိယဖြစ်ပြီး နိုင်ငံနဲ့ ပါတီယှဉ်လာခဲ့ရင် နိုင်ငံ့အကျိုးကိုသာ ဦးစားပေးဖို့လိုပြီး နိုင်ငံကသာလျှင် အဓိကအရေးအကြီးဆုံးဖြစ်ကြောင်း၊ အဲ့ဒါကြောင့် ပါတီအရေးကို ဆောင်ရွက်တဲ့အခါမှာ နိုင်ငံ့အရေးကိုလည်း စဉ်းစားဆောင်ရွက်တဲ့ အလေ့အကျင့်ကို ဖော်ဆောင်ကျင့်သုံးကြရမှာဖြစ်ကြောင်း၊ အဲ့ဒီလိုဆောင်ရွက်ရမယ့်နေရာမှာ လက်ရှိနိုင်ငံ့အရေးနှင့်ပတ်သက်လို့ နိုင်ငံရေးပါတီတွေဘက်က ပါဝင်ဆောင်ရွက်ပေးရမယ့် အချက် ၃ ခုရှိတာကို လိုက်နာဖို့လိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အသိပေးသွားခဲ့တယ်လို့ သတင်းကြားသိရပါတယ်။