ပြစ်ဒဏ်ကျခံနေရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ လာမယ့် တနင်္ဂနွေနေ့ (ဖေဖော်ဝါရီလ ၁၈ ရက်နေ့) မှာ အကျဉ်းထောင်ကနေ လွတ်မြောက်ခွင့်ရနိုင်ဖို့ မျှော်လင့်နေပြီဖြစ်ကြောင်း သိရှိရပါတယ်။
ပြစ်ဒဏ်ကျခံရမယ့်ကာလ မကုန်ဆုံးခင် ခံဝန်နဲ့ ပြန်လွှတ်ပေးမယ့် အကျဉ်းသား ၉၃၀ စာရင်းထဲမှာ သက်ဆင်ရဲ့နာမည်ပါလာတဲ့အတွက် တနင်္ဂနွေနေ့မှာ ပြန်လွတ်မယ်လို့ ခန့်မှန်းနေတာဖြစ်ကြောင်း တရားရေးဝန်ကြီး တာဝီဆုတ်ဆောင်က အသိပေးပါတယ်။
ခံဝန်နဲ့ ပြန်လည်လွတ်မြောက်မယ့် အကျဉ်းသားစာရင်းကို သူ့ဘက်ကနေအတည်ပြုချက်ပေးလိုက်ပြီးပြီလို့လည်း တရားရေးဝန်ကြီးက ပြောပါတယ်။
“အကျဉ်းဦးစီးဌာနက ခံဝန်နဲ့လွတ်မြောက်ခွင့်ပေးလိုက်သင့်တဲ့စာရင်းကို ကျွန်တော့်ဆီ တင်ပြလာခဲ့ပါတယ်။ သူတို့က ၉၄၅ ယောက် တင်ပြတာပါ။ အဲ့ဒီအထဲက ၉၃၀ ဟာ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီနေပါတယ်။ သတ်မှတ် ချက်တွေထဲမှာ အပြင်းအထန်နာမကျန်းဖြစ်နေသူတွေ၊ မသန်စွမ်းသူတွေနဲ့ အသက် ၇၀ ကျော်တဲ့သူတွေ ပါဝင်ပါတယ်”လို့ သူက ဆက်လက် ရှင်းပြခဲ့ပါတယ်။
အသက် ၇၄ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်းသက်ဆင်ဟာ ကျန်းမာရေးချို့တဲ့နေတဲ့အတွက် ရဲတပ်ဖွဲ့အထွေထွေဆေးရုံကြီးမှာ လပေါင်းများစွာ တက်ရောက်ပြီး ဆေးဝါးကုသမှုခံယူနေရပါတယ်။
အဂတိလိုက်စားမှုနဲ့ ပြီးခဲ့တဲ့နှစ် သြဂုတ်လထဲက စီရင်ချက်ချမှတ်ခံခဲ့ရတဲ့သက်ဆင်ဟာ ရဲတပ်ဖွဲ့ဆေးရုံကြီးဆီကို မသွားခင် အကျဉ်းထောင်ထဲမှာ နာရီအနည်းငယ်လောက်ပဲ နေခဲ့ရပါတယ်။
မိသားစုတွေကတော့ သက်ဆင်လွတ်မြောက်လာတာနဲ့ နေထိုင်ဖို့အတွက် ချန်ဆောင်လာအိမ်ကြီးကို အသင့်ပြင်ဆင်ထားပြီးပြီဖြစ်တယ်လို့ သက်ဆင်ရဲ့သမီးအငယ်ဆုံးဖြစ်သူ အာဏာရ ဖွေထိုင်းပါတီရဲ့ခေါင်းဆောင် ပေ ထောင်တန်က ပြောပါတယ်။