ဆော်ဒီအာရေဗျကလပ် အယ်လ်အစ်တီဟတ်မှာ ပါဝင်ကစားနေတဲ့ တိုက်စစ်မှူး ဘင်ဇီးမားဟာ Followers အရေအတွက် ၇၆ သန်းအထိရှိတဲ့ သူ့ရဲ့အင်စတာဂရမ်အကောင့်ကို ဖျက်ပစ်ဖို့ ကြံစည်နေပြီလို့ ဆိုပါတယ်။
ဘင်ဇီးမားဟာ သူ့ရဲ့ရီးရဲလ်မက်ဒရစ်အသင်းဖော်ဟောင်း စီရော်နယ်ဒို ဦးဆောင်နေတဲ့ အယ်လ်နတ်စ်ဆာအသင်းကို ဂိုးပြတ်အရေးနိမ့်လိုက်ရအပြီးမှာ ရှက်လွန်းတဲ့အတွက် သူ့ရဲ့အင်စတာဂရမ်ကို ဖျက်ပစ်ဖို့ လုပ်ဆောင်လာတာဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
မနေ့ကစလို့ ဘင်ဇီးမားရဲ့အင်စတာဂရမ်စာမျက်နှာဟာ ဝင်ကြည့်လို့ မရတော့တဲ့အခြေအနေဖြစ်သွားခဲ့ပြီး အပြီးဖျက်လိုက်တာလား ဒါမှမဟုတ် ယာယီပိတ်ထားလိုက်တာကိုတော့ သတင်းအတည်မပြုနိုင်သေးကြောင်း Daily Mail က ရေးသားထားပါတယ်။
အယ်လ်အစ်တီဟတ် ဟာ ဘောက်ဆင်းဒေးနေ့ ကစားခဲ့ရတဲ့ပွဲမှာ အယ်လ်နတ်စ်ဆာကို ၅ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်သွားခဲ့ရတာဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ် ၅ ပွဲမှာ အယ်လ်အစ်တီဟတ်က ၄ ပွဲ နိုင်ပွဲပျောက်တဲ့အထိလည်း ဖြစ်ထားပါတယ်။
ဘင်ဇီးမားဟာ အယ်လ်အစ်တီဟတ်အတွက် ပွဲစဉ် ၁၄ ပွဲ ပါဝင်ကစားပေးခွင့်ရရှိတာမှာ ၉ ဂိုးသွင်းယူပေးပြီး ဂိုးဖန်တီးမှု ၄ ကြိမ် လုပ်ပေးထားသူ ဖြစ်ပါတယ်။
ဘင်ဇီးမားရဲ့အင်စတာဂရမ်အကောင့်ကို အခုအချိန်မှာ ဝင်ရောက်ကြည့်ရှုလိုက်မယ်ဆိုရင် “Sorry, this page isn’t available. The link you followed may be broken, or the page may have been removed. Go back to Instagram.”ဆိုတဲ့စာသားပဲ ဖော်ပြနေတာကို မြင်တွေ့ရပါလိမ့်မယ်။